ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ် အမှတ်(၂)၊ မုံရွာမြို့နယ်မှ တင်သွင်းသည့် အဆိုအား ထောက်ခံဆွေးနွေးခြင်း

ထောက်ခံသူအမည်          − ဒေါ်ခင်မျိုးချစ်

မဲဆန္ဒနယ်အမှတ်             − အမှတ်( ၁ )၊ ကန့်ဘလူမြို့နယ်

တိုင်းဒေသကြီး               − စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီ            − အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ထောက်ခံသည့်အရေအတွက် − (၁) ခု

တင်သွင်းသည့်နေ့ရက်     − ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ( ၁၀ ) ရက်

အားလုံးမင်္ဂလာပါရှင်

လေးစားအပ်ပါသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်ကြီးများ၊ လာရောက်ဖြေကြားပေးပါသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်။

ကျွန်မကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ် ဖြစ်ပါတယ်။ ကျမအနေနဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်နယ်မြေအမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၏ အရေးကြီးအဆိုဖြစ်သော မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ကွင်းအမှတ်(၃၁)၊ ကွင်းအမည်(ရပ်သာ)၊ ဦးပိုင်အမှတ်(၂၇)၊ မြေဧရိယာအကျယ်(ဝ.၁၆)ဧကပေါ်မှာ စက်သုံးဆီအရောင်းဆိုင်တည်ဆောက်နေခြင်းနှင့် ပတ်သက်၍ စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရာတွင် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ၄င်းဆီဆိုင်ဆောက်လုပ်ခြင်းလုပ်ငန်းကို ရပ်ဆိုင်း သင့်ကြောင်းကျမ ဒေါ်ခင်မျိုးချစ် မှ ထပ်ဆင့်ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်—

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်

ယခင်အစိုးရလက်ထက် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်အရ ရွှေတောင်စွမ်းအားကုမ္ပဏီလီမိတက်မှ ဆောက်လုပ်နေသော စက်သုံးဆီအရောင်းဆိုင်ဟာ မုံရွာမြို့ လယ်ခေါင်လူနေထူထပ်စည်ကားသော ဆူးလေကုန်းရပ်၊ ပြည်ထောင်စုလမ်းမကြီး၊ ကျောက္ကာလမ်းမကြီး ဒေါင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ တိုင်းရောင်းဝယ်ရေးအရာရှိရုံး(စစ်ကိုင်း/ချင်း)နှင့် ဆူးလေကုန်း အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်းကြားမှာတည်ရှိနေပါတယ်ရှင်… ဒါအပြင်လမ်းမကြီး နှစ်သွယ်ဆုံရာ မြို့လယ်ခေါင် မြို့၏အချက်အချာကျသောနေရာဖြစ်ပြီး လူသွားလူလာလမ်းသွားလမ်းလာ များသော လမ်းမကြီးဘေးတွင် တည်ရှိနေသည့်အပြင် ၄င်းဆီသိုလှောင်ရုံနှင့် ကပ်လျှက်ရှိသောရပ်ကွက်နေ ပြည်သူများအနေဖြင့်လည်း မီးအန္တရာယ်အတွက် အမြဲစိုးရိမ်ထိတ်လန့်နေရပြီးစိတ်ဖိစီးမှုများနေစဉ်ကြုံတွေ့ ရမည့်အခြေအနေများကြောင့် ဆီဆိုင်ဖွင့်လှစ်ရောင်းချရန်စီမံနေမှုအားအချိန်မှီတားဆီးပေးစေချပါတယ်ရှင်။

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်

မြို့နယ်စည်ပင်သာရေးကော်မတီ ဥက္ကဋ္ဌမှ ရွှေတောင်စွမ်းအားကုမ္ပဏီအား စက်သုံးဆီ အရောင်းဆိုင်ဆောက်လုပ်ခွင့်ကို ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်စွဲဖြင့် ခွင့်ပြုခဲ့ပါတယ်။ မြို့နယ်စည်ပင် သာယာရေးကော်မတီကို ဆောက်လုပ်ခွင့်ပြုရန်လျှောက်ထားရာမှာလျှောက်လွှာနှင့်အတူ အချက်(၉)ချက်ပါ စာရွက်စာတမ်းများနှင့်ပူးတွဲတင်ပြရပါတယ်။ ဒါပေမယ်လျှောက်လွှာနှင့်အတူ ပါရှိရမယ့်အချက်(၉)ချက်မှာ အဓိကအချက်တွေဖြစ်တဲ့(ဃ)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ထောက်ခံချက်၊ (င)မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ထောက်ခံချက်၊ (စ)မီးသတ်ဦးစီးဌာန၏ထောက်ခံချက်များမပါရှိတာကိုတွေ့ရတဲ့ အတွက် ဆီသိုလှောင်ရုံနှင့် ဓာတ်ဆီဆိုင်ဖွင့်လှစ်ရောင်းချရန်စီမံပြုလုပ်နေခြင်းကို အချိန်မှီတားဆီးပေးသင့် ပါတယ်။

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်

စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရောင်းချမယ်ဆိုရင် ကိုက်ညီရမယ့်အခြေခံအချက်အလက် တွေနဲ့ကန့်သတ်ထားခြင်းတွေရှိပါတယ်။ တည်နေရာအရပြောရမယ်ဆိုရင်-
(၁) ဖွင့်လှစ်ရောင်းချမည့်ဆိုင်သည် လူအသွားအလာထူထပ်သောလမ်းနှင့် အလှမ်း ကွာဝေးသော နေရာဖြစ်ရပါမယ်၊
(၂) လူသွားလူလာရှုပ်ထွေးသောနေရာ(ဥပမာ-စျေး၊ ကျောင်း၊ ဆေးရုံ၊ ရုပ်ရှင်ရုံ)အနီး အနားမဖြစ်ရပါဘူး၊
(၃) လျှောက်ထားသောမြေနေရာသည် စက်သုံးဆီလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် ပတ်ဝန်း ကျင်ကိုဘေးအန္တရာယ်ကျရောက်စေနိုင်ခြင်း မရှိစေရပါဘူး၊
(၄) စက်သုံးဆီလုပ်ငန်းနေရာဟာ လူနေအိမ်နှင့် ကိုက်(၁ဝဝဝ)အကွာမှာရှိရပါမယ်ရှင့်
(၅) စက်သုံးဆီအရောင်းဆိုင်အတွက် အဆောက်အုံများ၊ ဆီသိုလှောင်ကန်များ၊ ဘောက်ဆာဆီချပွိုင့်၊ စက်သုံးဆီဖြည့်ပိုက်၊ ပန့်တိုင်တွေကို သတ္တုတွင်းဝန်ကြီးဌာန က ခွင့်ပြုနိုင်တဲ့ အန္တရာယ်ကင်းသော အကွာအဝေးရှိသည့်အကျယ်အဝန်းများ ပေ(၉ဝဝ)ပတ်လည်ရှိရမယ်လို့ သတ်မှတ်ချက်တွေရှိပါတယ်။ ဒါပေမယ့် ယခု စက်သုံးဆီဆိုင်ဟာစက်သုံးဆီဆိုင်ဟာ အထက်ပါသတ်မှတ်ချက်များနှင့် လုံးဝ ကိုက်ညီမှု မရှိတာကိုတွေ့ရပါသောကြောင့် ၄င်းဆီဆိုင်ဆောက်လုပ်ခွင့်အား တားမြစ်ပေး စေချင်ပါတယ်။

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တိုင်းအစိုးရဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများရှင့်… နိဂုံးချုပ်အနေဖြင့် အများပြည်သူလူထုအတွက် အကောင်းဆုံးကာကွယ်ပေး နိုင်တာကတော့ဖြစ်လာမယ့် အန္တရာယ်တွေကို ကြိုတင်ကာကွယ်ထားခြင်းပဲဖြစ်ပါတယ်ရှင့်။ သို့ပါသောကြောင့် ကျမတင်ပြခဲ့သော အခြေခံလိုအပ်ချက်များ အချက်အလက်များနှင့် ကိုက်ညီခြင်းမရှိသော ဆူးလေကုန်း၊ အမှတ်(၄)အခြေခံမူလတန်းကျောင်းနှင့် ကပ်လျှက်တည်ရှိနေပြီး မြို့လယ်ခေါင်ရပ်ကွက်ကြီး အတွင်းတည်ရှိသော အဆိုပါ ရွှေတောင်စွမ်းအားကုမ္ပဏီ၏ စက်သုံးဆီအရောင်းဆိုင်ဆောက်လုပ်ပြင်ဆင် နေခြင်းကို လုံးဝရပ်ဆိုင်းပေးသင့်ပါကြောင်း မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါ်အောင်ကြည်၏ တင်သွင်းသော အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးတင်ပြအပ်ပါတယ်ရှင့်…
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်….
ဒေါ်ခင်မျိုးချစ်