ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ် အမှတ်(၂)၊ မုံရွာမြို့နယ်မှ တင်သွင်းသည့် အဆိုအား ထောက်ခံဆွေးနွေးခြင်း

ထောက်ခံသူအမည်          − ဒေါက်တာ သိန်းနိုင်

မဲဆန္ဒနယ်အမှတ်             − အမှတ်( ၁ )၊ ဆားလင်းကြီးမြို့နယ်

တိုင်းဒေသကြီး               − စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီ            − အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ထောက်ခံသည့်အရေအတွက် − (၁) ခု

တင်သွင်းသည့်နေ့ရက်     − ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ( ၉ ) ရက်

အားလုံးမင်္ဂလာပါရှင်

လေးစားအပ်ပါသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်လေ့လာကြသော မိဘပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် ဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်နယ်မြေအမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ကြည်၏ ဒုတိယအကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့အစီအစဉ်တွင် တင်သွင်းသွားသော မုံရွာမြို့၊ ဆူးလေကုန်းရပ် ကုမ္ပဏီတစ်ခု၏ ဓာတ်ဆီသိုလှောင်ရုံနှင့် ဖြန့်ဖြူးရောင်းချရန် စီမံပြုလုပ်နေခြင်းကို တားဆီးပေးနိုင်ပါရန် တင်ပြခြင်းအဆိုနှင့် ပတ်သက်၍ တင်ပြထောက်ခံဆွေးနွေးသွားမှာဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလုပ်ငန်းရှင်များအပါအဝင် နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၏ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာစေမှုကို ပိုမိုကျယ်ပြန့်လာစေရန်နှင့် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် ဒေသခံ ပြည်သူများ၏စိုးရိမ်ကြောင့်ကြမှုကင်းရှင်းစေပြီး ပဋိပက္ခကင်းဝေးနိုင်မည့် (S.I.A) (H.I.A) (E.I.A) အနေအထားများသုံးသပ်၍ ရေရှည်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းများအဖြစ် ရပ်တည် စေနိုင်ရန်သက်ဆိုင်ရာအစိုးရမှ ကြီးကြပ်စီမံကွပ်ကဲပေးရမည်ဖြစ်ပါသည်။ ယခု ဆူးလေကုန်းရပ်ကွက် လမ်းမကြီးအဆုံနေရာတွင်၄င်း၊ အမက(၄)စာသင်ကျောင်းနှင့်၄င်း၊ ရပ်ကွက်အတွင်းတွင်တည်ရှိနေခြင်းသည်၄င်း (S.I.A) အရ ပြည်သူများနှင့် ကျောင်းသားကလေးငယ်များကူးသန်းသွားလာရေးဟန့်တားမှု ဖြစ်စေသည့်အပြင် ယာဉ်အန္တရာယ်ထိခိုက်မှုများလည်းဖြစ်ပေါ်လာစေနိုင်ခြင်း၊ လောင်စာဆီသိုလှောင်မှု များသည် မမျှော်လင့်သော မီးဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူများအနေဖြင့် အိုးမဲ့၊အိမ်မဲ့၊ စည်းစိမ်မဲ့ပြဿနာများဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင့်ကြနေရသည့်စိတ်ဒဏ်ရာများဖြစ်ပေါ် စေပါသည်။

(H.I.A) အရ ရေနံသည် ကာဗွန်ဟိုက်ဒြိုကွန်ပေါင်းဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်း ရေရှည် ဝင်ရောက်မှုများလျှင် နာတာရှည် အသည်းအဆိပ်သင့်ရောဂါကိုရရှိစေနိုင်မည်ဖြစ်ပါသည်။

(E.I.A) အရ ရပ်ကွက်နေပြည်သူများတွင် မွေးရာပါလူ့အခွင့်အရေးအရ ပါဝင်လာသော အသက်ရှုအင်္ဂါအဖွဲ့အစည်းသည် သန့်ရှင်းသောလေကိုသာလျှင် ရှူရှိုက်ခွင့်သဘာဝမှပေးအပ်ထားပြီးဖြစ်ပါ သည်။ နေ့စဉ်လောင်စာဆီအနံ့သက်ဆိုးများပါဝင်နေသည့် မသန့်ရှင်းသော လေများကို ရှူရှိုက်နေရမည် ဆိုလျှင် မွေးရာပါလူ့အခွင့်အရေးဆုံးရှုံးမှု့သက်ရောက်စေပါသည်။

သို့ဖြစ်ပါ၍ ဒေသခံများနှင့် တင်းမာမှုများ၊ ပဋိပက္ခများအသွင်ဆောင်စေခြင်းသည် အနာဂတ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စီးပွားရေးအရင်းအနှီးဖိတ်ခေါ်မှုများကိုပါ ထိခိုက်စေနိုင်မည် ဖြစ်ပါသည်။

အလားတူ ပြည်သူကို ကိုယ်စားပြုထားသော အစိုးရတစ်ရပ်သည်လည်း ပြည်သူတို့၏ လူမှု့ဘဝထိခိုက်စေမှု့၊ ကျန်းမာရေးဘဝထိခိုက်စေမှု့၊ လူ့အခွင့်အရေးဆုံးရှုံးစေမှုများကို လျစ်လျှူရှု့ထား ခြင်းများမဖြစ်စေရန်အတွက်၄င်း၊ အဆိုပါကုမ္ပဏီအား ယခုနေရာထက်စီးပွားရေးပိုမိုကောင်းမွန်နိုင်မည့် အခြားနေရာတစ်ခုကိုရွေးချယ်၍ နစ်နာမှု့နည်းပါးစေသော နည်းလမ်းများဖြင့် ရွှေ့ပြောင်းစီမံချထား ပေးသင့်ပါကြောင်း ထောက်ခံဆွေးနွေးအပ်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည်ခင်ဗျား။

ဒေါက်တာသိန်းနိုင်