ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ဆက်လက်ကျင်းပ

၁။ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၃)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကနီမြို့နယ်၊ ဘုမ္မဇင်းအုပ်စု၊ ကွင်းအမှတ်(၁၃၁၉)ကွင်း၌ လုပ်ကိုင်နေသော တောင်သူများ အနေဖြင့် ပုံစံ(၇)အမည်ပေါက်ရှိပါလျက် ဒေသအခေါ်(M) မုရင်းမြေဖြစ်နေသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ မရရှိမှုအပေါ် စိုက်ပျိုးစရိတ် ထုတ်ပေး နိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊အင်ပင်အုပ်စု၊ အင်ပင်ယဒင်ကြီးကျေးရွာတွင် ကုန်သွယ်လယ်ယာမှ စပါးအဝယ်ဒိုင်အဖြစ် သိမ်းဆည်းခဲ့သည့် ဒိုင်ဝင်းမြေနေရာအား မူလပိုင်ရှင် တောင်သူများထံ ပြန်လည်လွှဲပြောင်းပေးရန်အတွက် လက်ရှိဆောင်ရွက် ထားရှိမှုအခြေအနေအား သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”သတ္တမအကြိမ် ပုံမှန်အစည်းအဝေးတွင် ကတိပြုထားသော ဗန်းမောက်မြို့နယ်၊ ကနန်း ဒေသစိတ်၊ ပဲ့နင်းကျေးရွာသို့ ဆက်သွယ်မည့် ပေ(၁၅ဝ)အရှည် မူးချောင်းကူးသံမဏိကြိုးတံတားကို၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း တင်ဒါပိုလျှံ(သို့) ဖြည့်စွက်ခွင့်ပြုငွေမှ ချထားပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင် မြို့နယ်အတွင်းရှိ တာပန်ရွာ၊ မားသီးရွာ၊ ဂွေ့ငူလမ်းပိုင်းအထိ ကျေးရွာ ချင်းဆက်လမ်း(၅)မိုင်(၄)ဖာလုံအား မြေသားတာဘောင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင်ရှိသော ကုန်းကြီးကျေးရွာအုပ်စု၊ တမာကျေးရွာအနီးရှိ ဒေသအခေါ် တောင်ဆည်၊ မြောက်ဆည်အား ရေဝပ်ဧရိယာကောင်းရန်တာဘောင်ဆင့်ခြင်း၊ ဆည်အတွင်း လိုအပ်သောနေရာများ၌ ခုတ်ထွင်ခြင်းနှင့်ရေထွက်ပေါက် အပိတ်အဖွင့်တံခါးတပ်ဆင်ခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးမြင့်နိုင်ဦး၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာအနီးရှိ တီးတိန်ယံ ကွန်ကရစ်ရေလွှဲဆည်ရေရှည်တည်တံ့စေရန်နှင့် ဆည်ရေပေးဝေမှု မထိခိုက်စေရန်အတွက် ဆည်၏ အဝင်လက်ဝဲဖက်နှင့် လက်ယာဖက်ကမ်းပါးပေ (၂၀၀)ကို အမြင့်(၆)ပေ၊ ထု(၁)ပေ(၆)လက်မရှိကျောက်ရိုးစီကာရန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပင်လည်ဘူး မြို့နယ်၊ ဘန့်ဘွေးကုန်းအုပ်စုအတွင်းရှိ ဝှေသဖင်ချောင်းအား တဖက်ယက်ဆည်အဖြစ် တည်ဆောက်ပေးနိုင်ရန်အတွက် အနီးဆုံး ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေ ကြားခဲ့ပါသည်။
(၈) ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြင်းမူမြို့နယ်၊ ကန်ဆွယ်ကျေးရွာအား မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်၍ မီးလင်းနိုင်ရေး အတွက်လိုအပ်လျက်ရှိသော ကျေးရွာတွင်း(၄၀၀)ဗို့အားလိုင်းအား တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “တန့်ဆည်မြို့နယ်၊ခပေါင်းကြိုင်ရွာအနီး ပြည်ထောင်စုလမ်းမကြီးဖြစ်သော ရေဦး-ကလေးဝလမ်း (မိုင်၁၀/၀-၁၀/၁)ရှိတံတားနှင့် ကံထူးမရွာအဝင်ရှိ (မိုင်၂၁/၇-၂၂/၀) တံတား(၂)စင်းအား၂၀၁၉-၂၀၂ဝဘဏ္ဍာရေးနှစ်အတွင်း အသစ်တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ကောလင်း မြို့နယ်၊ အင်းပုတ်ကုန်းမှ အောင်ချမ်းသာရွာထိပ်ရှိ အရှည်(၅)ဖာလုံခန့် လမ်းပိုင်းအား ကတ္တရာဆက်လက်ခင်းမည်ဆိုပါက နှစ်စဉ် ရေကြီးရေလျှံမှု များကြောင့် ပျက်စီးနိုင်သဖြင့် ပိုမိုခိုင်ခန့်ကောင်းမွန်မည့် ကွန်ကရစ်လမ်းအား၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဦးသန်းညွန့်ဝင်းကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့နယ်၊ မုံရွာ-အရာတော်လမ်းမှ တောင်မတော-မြေနဲ-ဗောဓိလမ်းအား လမ်းသားအပိုင်းလိုက်ပျက်စီးနေခြင်းကို ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၁၂) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ” အတည်ပြု ပြဌာန်းပြီးသော စည်ပင်သာယာဥပဒေအသစ်အရ တိုင်းဒေသကြီး၊ မြို့နယ်၊မြို့(သို့မဟုတ်) မြို့အသွင်ဖွံ့ဖြိုးတိုးတက်နေသော ကျေးရွာများအတွက် စည်ပင်သာယာရေးကော်မတီများကို ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။(၁၃) ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်ရှိ ခံတပ်နှင့် ကြေးဘုရားကြီးတို့ကို ဆက်သွယ်ထားသောလမ်းအား မြေသားတာဘောင်မြှင့်တင်၍ လမ်းပခုံးချဲ့ခြင်းများ ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀မတိုင်မီ မူးယစ်ဆေးဝါးကို ယခုထက်ပိုမိုပြီးတားဆီးထိန်းချုပ်နိုင်ရေးအတွက် ပိုမိုထိရောက်သောစီမံချက်များကို ချမှတ်လုပ်ဆောင် ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးသိန်းလှိုင်ဝင်းက ထောက်ခံ ဆွေးနွေးခဲ့ပါသည်။
(ဂ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀မတိုင်မီ မူးယစ် ဆေးဝါးကို ယခုထက်ပိုမိုပြီး တားဆီးထိန်းချုပ်နိုင်ရေးအတွက် ပိုမိုထိရောက်သောစီမံချက်များကို ချမှတ်လုပ်ဆောင်ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက် (တနင်္လာနေ့) ညနေ(၁၆:၀၀) နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာပါသည်။
(င) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ တင်သွင်းခဲ့သည့် ”၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲခြင်း” တို့နှင့်စပ်လျဉ်း၍ အရအသုံးငွေစာရင်း၊ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ ဆွေးနွေးချက်အပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏
အတည်ပြုချက်ရယူကာ အတည်ပြုကြောင်း ကြေညာပါသည်။
(စ) ဦးလော်ယုံ၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ”နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်၊ (တနင်္လာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၁၁:)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။