ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ ဆက်လက်ကျင်းပ

၁။ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါ အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၂)ဦး တက်ရောက် သဖြင့် (၈၂)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁) ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၏ ”ရွှေဘိုမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထား သော ကိုးပင်ဆည်၊ ကြိုးကြာဆည်၊ ယင်းပါဆည်၊ ရွာမိသာ ရေလွှဲဆည်၊ ကျီးချောင်းရေလွှဲဆည်၊ ဇော်ကနား ဆည်လေးများတွင် ဆည်စောင့်ဝန်ထမ်းများ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးမြင့်မော်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ပျဉ်းစုကျေးရွာရှိ ရေသွယ်မြောင်းနှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ကြမ်းတပ်ကြီးအင်းသို့ စီးဝင်သော ရေသွယ်မြောင်း(၂)ခုတို့ ဆုံရာနေရာ တွင် ရေမြောင်းခွဲအဆောက်အဦတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၃) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်ရှိ ချောင်းဦး-အမြင့် လမ်းအား လမ်းပခုံးတစ်ဖက် (၃)ပေစီ တိုးချဲ့ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ၊ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မန်းသာစည်ကျေးရွာနှင့် မူးမန္တလေးကျေးရွာတို့အား မဟာဓာတ်အား လိုင်းနှင့် ချိတ်ဆက်၍ မီးလင်းနိုင်ရေးအတွက်လိုအပ်လျက်ရှိသော (11)KVလိုင်းစုစုပေါင်း(၂.၅)မိုင်အား လာမည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ရေဦး-တမာတော- ကံထူးမလမ်းပေါ်ရှိ သစ်သားတံတား(၂)စင်းအား ကြံ့ခိုင်မှုပိုမိုကောင်းမွန်သော ကွန်ကရစ်တံတားများအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ”စပ်လျဉ်း သည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၏ ”မင်းကင်းမြို့နယ်၊ စိုင်သေ-ယောစု-လျှော်ဖြူပင်- ကျောက်တန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ “စိမ်းမချောင်း”တွင် တံတားတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအုပ်စု၊ ကက္ကုကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းအား အခြေခံပညာမူလတန်းလွန်ကျောင်း အဖြစ် (၂ဝ၁၉-၂ဝ၂ဝ)ပညာသင်နှစ်တွင် အဆင့်တိုးပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့နယ်များ၏ လက်ရွေးစင်အသင်းများ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေရန်အတွက် အားကစားပြက္ခဒိန်တစ်နှစ်အတွင်း ချစ်ကြည်ရေးခြေစမ်းပွဲများ အနည်းဆုံး(၃)ကြိမ်ပြုလုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အစည်းအဝေး(ဒုတိယနေ့)က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းသည့် ”၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ”နှင့်စပ်လျဉ်း၍ ဆွေးနွေးမည့်နေ့ရက် ပြောင်းရွှေ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ ထီးချိုင့်မြို့၊ ဂရိတ်ဝေါသကြားစက်ရုံသို့ ကွင်းဆင်းမှု အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ ကော်မတီအဖွဲ့ဝင်၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးရွှေဌေးက လွှတ်တော်တွင် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်၍ ”စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ၂၀၁၈ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက် နှစ်ချုပ် အစီရင်ခံစာ”အား တိုင်းဒေသကြီးဥပဒေချုပ်၊ ဦးခင်မောင်လှမှ လွှတ်တော်သို့ တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်၊ (သောကြာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက် (ကြာသပတေးနေ့)နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပ မည် ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို (၁၁:၂၀)နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။