ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂၀၁၉ခုနှစ်၊ မတ်လ(၄)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၃)ဦး တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ထီးချိုင့်မြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားကောင်းမွန်လာနိုင်ရေးအတွက် ထီးချိုင့်မြို့ရှိ(3)MVA ဓာတ်အားခွဲရုံအား(10)MVA ဓာတ်အားခွဲရုံအဆင့်သို့ မည်သည့်အချိန်တွင်တိုးမြှင့်တပ်ဆင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂)ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပင်လည်ဘူးမြို့၊ မူးမြစ်ကမ်းရေတိုက်စားမှုမှကာကွယ်ရန် မြေထိန်းနံရံများ အကောင်အထည်ဖော် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃)ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်း မြို့နယ်၊ ပေါက်အိုင်ကျေးရွာအုပ်စု၊ ပေါက်အိုင်ကျေးရွာအား ပုထိုးလုံးချောင်းရေ တိုက်စားခြင်းမှကာကွယ်ရန် ရေကာတာ(သို့မဟုတ်) ရေကာတန်းများကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ (သို့မဟုတ်) တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပုလဲမြို့နယ်တွင် မုံရွာ- ပုလဲ-ဂန့်ဂေါလမ်း(၁)မိုင်(၆)ဖာလုံအား သတ်မှတ်အရည်အသွေး ပြည့်မှီအောင် မဆောင်ရွက်ခဲ့သည့် “မြင့်မိုရ်မေမေ”ကုမ္ပဏီကို မည်ကဲ့သို့အရေးယူဆောင်ရွက် မည်ကို သိရှိလိုပါကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိသည့်လမ်းပိုင်းကို မည်သည့် အချိန်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဗန်းမောက် မြို့နယ်၊ မံလောင်ပေပင်အုပ်စု၊ ဝေသုက္ခီကျေးရွာအဝင်ချောင်းအား ပေ(၃ဝ)အရှည် ကျောက်ရိုးစီ၊ သံဘောင်တင်၊ သစ်သားခင်းတံတား(၁)စင်း ချထားပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းတိုက်နယ်၊ ပုဂံတူ-ရွှေကြယ်ပုံ-ဒီပဲယင်းကွဲလမ်း ပျက်စီးမှုကာကွယ်ရန် ကွန်ကရစ်ရေကျော်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ချင်းတွင်းမြစ်တစ်လျှောက်ပြေးဆွဲနေသော မော်တော်ရေယာဉ်သင်္ဘောများ မုံရွာမြို့၌ ကုန်တင်ကုန်ချပြုလုပ်ရန်အတွက် တရားဝင်နေရာ သတ်မှတ်ပေးနိုင်ရန် လျှောက်ထားမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆိပ်ကမ်းနေရာ သတ်မှတ် ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ (၂၀၁၇)ခုနှစ်နှင့် (၂၀၁၈) ခုနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ” အား လွှတ်တော်သို့ တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ(၅)ရက်၊ (အင်္ဂါနေ့) (၁၅:၀၀)နာရီ
အချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီအတွင်းရေးမှူး၊ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီ၏ ၂၀၁၈ခုနှစ် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ(၅)ရက်၊ (အင်္ဂါနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်
အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(ဒသမနေ့က) တိုင်းဒေသကြီးတရားသူကြီးချုပ် တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်၏၂၀၁၇ ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၈)ဦးတို့မှ ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးတရားသူကြီးချုပ်မှပြန်လည်ရှင်းဆွေးနွေးပြီး လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ
(၅)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို (၁၂:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။