ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ(၄)ရက်(ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၈)ဦးတက်ရောက်သဖြင့်(၈၈.၈၉)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ၏ ”ဖောင်းပြင်မြို့နယ်၊ နန်းပန်ကျေးရွာနှင့် နန်းယဉ်ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသော အရှည်(၆)မိုင်၊ (၄)ဖာလုံလမ်းအား နွေ၊ မိုး၊ ဆောင်း သွားလာနိုင်ရန်အတွက် ကျောက်ရောမြေခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးကယ်၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခန္တီးခရိုင်နှင့်နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များ၏ဆည်မြောင်းလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာန ကျွမ်းကျင်ဝန်ထမ်းများဖြင့် ဌာနတိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးကျော်ရွှေ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “တန့်ဆည် မြို့နယ်တွင် AIIP ခွင့်ပြုငွေဖြင့် စံပြကွက်များ ဆောင်ရွက်နေသောတောင်သူများ သတ်မှတ် ငွေကြေးမရရှိသဖြင့် မည်ကဲ့သို့ဆောင်ရွက်ပေးပြီး
တောင်သူလယ်သမားများ အကျိုးစီးပွားအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ JICAမှ AIIP ခွင့်ပြုငွေများဖြင့် သီးနှံတစ်မျိုးချင်းစီအတွက် လယ်/ယာ တစ်ဧကလျှင် မည်သည့်နှုန်းဖြင့် ထုတ်ပေးသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်းမြို့နယ်၊ ကောယားကျေးရွာအုပ်စု၊ ကောယားကျေးရွာ နှစ်စဉ်ကမ်းပါးပြိုကျမှုကာကွယ်ရန်အတွက် ကမ်းထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီးလင်းရေး ကော်မတီများ ဖွဲ့စည်း၍ မီးလင်းရေးဆောင်ရွက်ခဲ့သော်လည်း မီတာဘောက်များမရှိသဖြင့် လျှပ်စစ်မီး ပြန်လည်ဖြုတ်သိမ်းခြင်းများ ကြုံတွေ့နေရပါသဖြင့် လျှပ်စစ်မီးလင်းရေးနှင့် မီတာဘောက်များ အမြန်ရရှိရေး မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အတည်ပြုခြင်းကဏ္ဍတွင် အစည်းအဝေး(ဆဋ္ဌမနေ့)က တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် ”၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း” နှင့်စပ်လျဉ်း၍ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ ဆွေးနွေးချက်အပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(အဋ္ဌမနေ့)က တင်သွင်းခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ”၂၀၁၉ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ လက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီမှ “ရွှေဘိုမြို့နယ်၊ ဆယ်ပင်ကျွန်းကျေးရွာ၊ Solar Minigrid Project အား သွားရောက်လေ့လာခဲ့သည့် အစီရင်ခံစာ”ကို ကော်မတီအဖွဲ့ဝင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးလင်းအောင်သက်က လွှတ်တော်တွင် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(င) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ “ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင်များသို့ လွှတ်တော်ကတိကဝတ် မေးခွန်းအဖြေများအတွက် ကွင်းဆင်းစိစစ်ချက်အစီရင်ခံစာ”ကို ကော်မတီအဖွဲ့ဝင်၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဗိုလ်ကြီးအောင်ကိုထွေးမှ လွှတ်တော်တွင် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(စ) အစည်းအဝေး(သတ္တမနေ့)က တင်သွင်းခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ “၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ “ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ တမူးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ လွှတ်တော်ကတိကဝတ် မေးခွန်းအဖြေများအတွက် ကွင်းဆင်းစိစစ်ချက် အစီရင်ခံစာ”ကို ကော်မတီအတွင်းရေးမှူး၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးဝင်းမြင့်မှ လွှတ်တော်တွင် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

(ဇ) လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းသည့် “စစ်ကိုင်းတိုင်းဒေသကြီး အသေးစားငွေချေးလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လိုအပ်သလို စိစစ်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆ (က)အရ ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
(စျ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ(၅)ရက်(ကြာသပတေးနေ့) နံနက် (၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမ နေ့ကို (၁၁:၁၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

86935392_2702394776651038_8833634949090246656_o 87954563_2702395819984267_3399284615544832000_o 88010589_2702394689984380_4692497503138873344_o 88094863_2702394876651028_3216954290232885248_o 88104187_2702395833317599_8842286185750462464_o 88143329_2702395919984257_4301605348344594432_o 88152406_2701539123403270_4822643146875731968_o 88157546_2702395186650997_4910897479198703616_o (1) 88157546_2702395186650997_4910897479198703616_o 88241905_2702395803317602_3158603513089490944_o 88302144_2702395066651009_5520318729654632448_o 88331224_2702395853317597_533668992405995520_o 88363642_2702395813317601_998470731136237568_o 88424891_2702394749984374_1755596426592649216_o 89048631_2702394573317725_4185084113964761088_o