၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) တတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ မေလ(၇)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၂)ဦးတက်ရောက်သဖြင့် (၈၂.၈၃)ရာခိုင်နှုန်းရှိပြီး၊လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်သဖြင့်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါ အတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ရက်အတွင်း လုပ်ငန်းမပြီးစီးသော ကုမ္ပဏီများအား အရေးယူဆောင်ရွက်သကဲ့သို့ ဌာနဆိုင်ရာများမှ ဆောင်ရွက်သည့်လုပ်ငန်းများ သတ်မှတ်ရက်အတွင်း မပြီးပါက သက်ဆိုင်ရာဌာနများကို မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” နှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဂ) အတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ”နှင့်စပ်လျဉ်း၍ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ စိစစ်ချက်၊ သုံးသပ်အကြံပြုချက်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဃ) အတည်ပြုခြင်းကဏ္ဍတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း” နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) တတိယနေ့ကိုရပ်နားကြောင်းနှင့် အထူးအစည်းအဝေး (၁/၂၀၂၀) အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) တတိယနေ့ကို (၁၀:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။