ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယ နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၁၈)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၃)ဦးတက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာတွင် နယ်မြေမီးသတ်စခန်းဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ”စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”ယင်းမာပင်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ဆည်မြောင်းလက်တံများ ပြင်ဆင်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီခြင်း မရှိသည့်အတွက် မည်သို့ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလို ပါကြောင်း ”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ” ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာအုပ်စု၊ ယင်းသာကျေးရွာအနီးရှိ ယင်းသာလျှပ်စစ်မြစ်ရေတင် စီမံကိန်းတည်ဆောက်ရာတွင် အရည်သွေးကောင်းမွန်မှုမရှိသဖြင့် မည်သို့ ပြင်ဆင်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းနှင့် မြောင်းဘောင် ပြိုကျမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် တောင်သူများအတွက် မည်သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း ”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးကယ်၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အာလာဂျီ(ခေါ်)ချဉ်ပေါင်ဖာလာအား ပိုမိုတွင်ကျယ်စွာ စိုက်ပျိုးနိုင်ရေးအတွက် စနစ်ကျသည့် စီမံကိန်းရေးဆွဲပြီး ရင်းနှီးမတည်ငွေများ စိုက်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရန်ကုန်မြို့အခြေစိုက် အိန္ဒိယသံရုံးနှင့် ဟန်းနူဖောင်ဒေးရှင်းတို့မှ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်သည့်
အာလာဂျီ(ခေါ်)ချဉ်ပေါင်ဖာလာ ဧက(၂၅၀)စိုက်ပျိုးမည့် စီမံကိန်းကို မည်သည့်
အတွက်ကြောင့် နှောင့်နှေးကြန့်ကြာနေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူမြို့နယ်၊ ထိန်တောအုပ်စု၊ ထိန်တော(မ)ကျေးရွာ (၂၄)နာရီလျှပ်စစ်မီးဖြင့် အိမ်သုံးမီတာ ချိတ်ဆက်သွယ်တန်း အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်၊ ခင်ဦး- သင်ပေါင်းကားလမ်းအပိုင်း မြေနီလျှိုလမ်းဆုံမှ ခင်ဦးအထိ (၆)မိုင်(၄)ဖာလုံ လမ်းပိုင်းရှိ ကျန်ရှိသော (၄)မိုင်(၂)ဖာလုံတွင် (၂)မိုင်ခန့်အမာခံချဲ့ခြင်းလုပ်ငန်းကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိသိရှိ လိုပါကြောင်း ”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ် အတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် အားစိုက်မှုနည်းသော BAC (Bright Asia Comet Co, Ltd)အား လုပ်ငန်းများ သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး ညွှန်ကြားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ မင်းကင်းမြို့နယ်၊ မင်းကင်း-မြို့မလမ်းပေါ်တွင် တံတားတစ်ခုတည်ဆောက် ပြီးစီးသော်လည်း မြေထိန်းဘောင်မပါရှိသည့်အတွက် လမ်းနှစ်ဖက်ရှိမြေများ ပဲ့ကျနေခြင်းအား ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်၊ ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ ”ကသာ ခရိုင်အတွင်း ကွင်းဆင်းဆောင်ရွက်မှုအစီရင်ခံစာ”အား လွှတ်တော်တွင် မှတ်တမ်းတင်ရန် တင်ပြခဲ့ရာ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး တင်သွင်းခဲ့သည့် ရှမ်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၏ “၂၀၁၆-၂၀၂၀ ခုနှစ် (၅)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဃ) ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ
(၁၉)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည် စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်၊ ဦးလော်ယုံ၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ “၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
အနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၁၉)ရက်၊ (ဗုဒ္ဓဟူးနေ့) (၁၆:၀၀)နာရီအချိန်
နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး တတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၁၉)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို (၁၁:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။