ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမ နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမ နေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၁)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
(၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၃)ဦးပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါ မေးခွန်း(၂)ခုအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးမှရှင်းလင်းဖြေကြားခဲ့ပါသည်−
(ကက) ”ရွှေဘို၊ စစ်ကိုင်း၊ မန္တလေးလမ်းပေါ်တွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ လုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်သော မော်တော်ယာဉ်များအား မည်သည့်အချိန်ကာလတွင် အရေးယူဆောင်ရွက်ပြီး နောင်မပေါ် ပေါက်စေရန် မည်သို့စီမံထားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း
သည့်မေးခွန်း။
(ခခ) ”ဝက်လက်မြို့နယ်သို့ အပေါ့စားရေစုပ်စက် (၁၈)လုံးချထားခဲ့ရာ မဲဆန္ဒနယ် တစ်ခုတည်းသာ ဖြန့်ဝေထားသည့်အတွက် မျှတမှု မရှိခြင်းအပေါ် မည်ကဲ့သို့ ဆောင်ရွက်ပေးသည်ကို သိရှိလိုပါ
ကြောင်း’စပ်လျဉ်းသည့်မေးခွန်း။
(၂) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူမြို့နယ်အတွင်း (၂ဝ၁၈-၂ဝ၁၉)ခုနှစ် မိုးခေါင်ခြင်းကြောင့် မိုးစပါးပျက်စီးဧကများ ငွေကြေးထောက်ပံ့ရာတွင် ပွင့်လင်းမြင်သာစွာချပြ၍ အမှန်တကယ် ပျက်စီးသူများကိုသာ ထောက်ပံ့ကြေးပေးရန်နှင့် ထောက်ပံ့ကြေးငွေ အလွဲသုံးစားလုပ်သူများအား ဖော်ထုတ်အရေးယူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်၊မင်းသမီး ကျေးရွာရှိ စွန်လည်ချောင်းအား ကန်ပိတ်ပြုလုပ်ပေးရန်နှင့် ရေသွယ်မြောင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်နှင်းခိုင်းစိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”ဒီပဲယင်းမြို့နယ်တွင် NEP Plan Phase(2)ဖြင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို မည်သည့် အချိန်တွင် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၅) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့နယ်၊ လာဘို့-မင်းကင်းလမ်းရှိ အန္တရာယ်ရှိသော ကုန်း(၃)ခုအား အတက်အဆင်း (Grade)နိမ့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက အောက်ပါ(၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ(၂)ခုအား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်း တင်ကြောင်းကြေညာပါသည်-
(၁) ဥပဒေပြုရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည် ”၂၀၁၆ခုနှစ်မှ ၂၀၂၀ခုနှစ် အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(၂) စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတင်သွင်းခဲ့သည့် “၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက် အစီရင်ခံစာ”
(ဃ) ဆက်လက်၍ အစိုးရ၏ အာမခံချက်များ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင်၊ ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒုတိယ အကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ”(ကသာ၊ ကောလင်း၊ ကန့်ဘလူ) ခရိုင် များသို့ ကတိဖြစ်မေးခွန်းများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာ”အား
လွှတ်တော်တွင် မှတ်တမ်းတင်ရန် တင်ပြခဲ့ရာ လွှတ်တော်၏သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်မှ တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစာရင်းများ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နှင့် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီတို့၏ ဆွေးနွေးချက်များအပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးသန်းညွန့်ဝင်းတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
(စ) ဆက်လက်၍ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်စည်ပင်သာယာရေးဆိုင်ရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ” အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၄)ရက်၊ (တနင်္လာနေ့) (၁၄:၀၀)နာရီအချိန်
နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၄)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀) နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၁:၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။