ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၉)ဦးတက်ရောက်ပါသည်။

(က)    မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက အောက်ပါ ကော်မတီ(၄)ခု၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာများကို  လွှတ်တော်၏ သဘောထားရယူကာမှတ်တမ်းတင်ကြောင်းကြေညာပါသည်-

  • အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏     ” ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ”  
  • လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ ” ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ”
  • အထူးကိစ္စရပ်များလေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ၏” ၂၀၁၉ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ အနှစ်ချုပ်လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
  • အရအသုံး၊ ငွေစာရင်းဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏     ” ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ (၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”

(ခ)အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် “၂၀၂၀-၂၀၂၁ ခု၊  ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်း(၄)ခု     ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက်အတည်ပြုကြောင်း ကြေညာပါသည်။

(ဂ)မှတ်တမ်းတင်ခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်မှတင်သွင်းခဲ့သည့်” စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆ ခုနှစ် မှ ၂၀၂၀ပြည့်နှစ်အထိ(၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးနှင့် ကော်မတီ(၁)ခုတို့၏ ဆွေးနွေးချက်များအပေါ်  ဦးစိုးဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ၊ ဦးလာလ်ထောင်ထန်း၊ ချင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး(သစ်တောသတ္တု)တို့မှ ပြန်လည် ရှင်းလင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ ကိုယ်စားလှယ်အားလုံးက သဘောတူသည့် အတွက် လွှတ်တော်ဥက္ကဋ္ဌမှ မှတ်တမ်း တင်ကြောင်း ကြေညာပါသည်။

( ဥပဒေအတည်ပြုခြင်းကဏ္ဍတွင် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ပေးပို့ဖြန့်ဝေ ထားသည့် “စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ စီးပွားရေးကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင် သာယာရေးဆိုင်ရာ ကော်မတီမှ ပြင်ဆင်ဖြည့်စွက်ရန် တင်ပြထားသည့် အချက်များအပေါ် ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးမြင့်ထွေး၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်အေးမြတ်မွန်တို့မှ ပြင်ဆင် ဖြည့်စွက်ရန် တင်ပြထားသည့် အချက်များပါဝင်သော  နည်းဥပဒေ(မူကြမ်း)ကို သက်ဆိုင်ရာ ဝန်ကြီး၏ သဘောထားရယူပြီး လွှတ်တော်၏ အတည်ပြုချက်ရယူကာ လွှတ်တော်၌ အတည်ပြုကြောင်း လွတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(င)     ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့်(၂၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။

၂။       ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို (၁၁:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *