ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၄)ဦးတက်ရောက်သဖြင့် (၈၄.၈၅)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ထက်ဝက်ကျော် တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌကြေညာပါသည်။

(က) ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကြည်း၆၆၂၃၈ ဗိုလ်ကြီးဇင်ကိုမောင်သည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

(ခ) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁) ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဆားလင်းကြီးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ အနံ့အသက်ဆိုးများထွက်ရှိနေသော ကန်ဦးရေကန်အား အနီးစပ်ဆုံးဘဏ္ဍာရေး နှစ်တွင် ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့တွင်ဧည့်ရိပ်သာ  တည်ဆောက်ရန် လိုအပ်သော မြေနေရာရရှိပြီဖြစ်သဖြင့် စည်ပင်ဧည့်ရိပ်သာအား မည့်သည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၃) ဦးကာစီရန်း၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”လေရှီးမြို့၊ မြို့ပတ်လမ်း(၃)ပေချဲ့ခြင်း လုပ်ငန်းအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်းမြို့နယ်၊ ကြွေကျေးရွာအုပ်စု၊ ကြွေကျေးရွာကျန်းမာရေးဌာနတွင် လစ်လပ်လျက်ရှိသော ကျန်းမာရေးမှူး(၁)ဦးနှင့် အခြားဝန်ထမ်း(၇)ဦး စုစုပေါင်း (၈)ဦးကို အမြန်ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၅) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ ကြာအင်းတိုက်နယ် ဆေးရုံတွင် လစ်လပ်နေသော တိုက်နယ်ဆရာဝန် (၁)ဦးအားပြည်ထောင်စုနှင့်ချိတ်ဆက်၍ အမြန် ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၆) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်၊ သရောင်းစံပြ ကျေးရွာ၊ သငါတိုက်နယ်ဆေးရုံတို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသော (၄)ခန်းတွဲတစ်ထပ် အမှုထမ်းနေအိမ်၊ (၂)ခန်းတွဲ(၁)ထပ်၊ ဆရာဝန်နေအိမ်တို့မှာ ပြီးစီးမှုမရှိသဖြင့် ၎င်း၀န်ထမ်းအိမ်ရာများ အမြန်ပြီးစီးနိုင်ရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”

စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၇) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါမေးခွန်း(၂)ခုအား လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-

(ကက) ”ကောလင်းမြို့နယ်၊ တောင်ဘို့လှအုပ်စု၊ လျှော်ဖြူကုန်းရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ပေးနိုင်ရေး ပြည်ထောင်စုနှင့်ချိတ်ဆက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

( ခခ ) ”ကောလင်းမြို့နယ်၊ ဥမှင်ကုန်းအုပ်စု၊ ဥမှင်ကုန်းရွာတွင် ကျေးလက်ကျန်းမာရေး ဆေးခန်း ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။

(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ ကနီမြို့နယ်၊ရွှေဘိုမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့် ဌာနဆိုင်များ၏ ဘတ်ဂျက်လုပ်ငန်းများ ကွင်းဆင်းစိစစ်မှုအခြေအနေ တင်ပြချက်အစီရင်ခံစာ”ကို ကော်မတီဥက္ကဋ္ဌ၊ မုံရွာမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်အောင်ကြည်က လွှတ်တော်တွင် မှတ်တမ်းတင်ပေးနိုင်ပါရန်တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

(ဃ) ဆက်လက်၍ ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီ၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား ကော်မတီအတွင်းရေးမှူး ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ဦးအောင်ကျော်က လွှတ်တော်သို့ တင်ပြခဲ့ရာဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံအမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်(၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက် (ကြာသပတေးနေ့)နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို (၁၁:၁၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။