၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ မတ်လ(၅)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်
ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၉)ဦးအနက် (၈၇)ဦးတက်ရောက်သဖြင့် (၈၇.၈၈) ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုအစိုးရလက်ထက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီမှ စိစစ်ခဲ့သည့် အမှုပေါင်း၊ မြေယာပြန်လည် ပေးအပ်ခဲ့သည့် အမှုပေါင်းနှင့် သိမ်းဆည်းမြေနှင့် သက်ဆိုင်ခြင်းမရှိဘဲ ပိတ်သိမ်းခဲ့သည့်အမှုပေါင်း မည်မျှရှိကြောင်းနှင့် ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၄ဝ၈)၊ မြေဧရိယာ(၄၂.၇၇)ဧက ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုတို့အား သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဆားလင်းကြီးမြို့ အမှတ်(၃)ရပ်ကွက်ရှိ အများပိုင်ဘောလုံးကွင်းအား ပုံစံ(၇)ထုတ်ပေးထားခြင်းကို ပယ်ဖျက်၍ ဥပဒေမဲ့ပုံစံ(၇)ထုတ်ပေးသော တာဝန်ရှိသူများနှင့် မိမိကွင်းပိုင်မဟုတ်သော မြေအား ပုံစံ(၇)ထုတ်ပေးရန် လျှောက်ထားသူတို့အား မည်ကဲ့သို့အရေးယူ၍ အများပိုင် ဘောလုံးကွင်းအဖြစ် ပြန်လည်သတ်မှတ်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာ အုပ်စုအနီးရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် အမှတ်(၁) သကြားစက်ရုံအတွက် သိမ်းဆည်းမြေလယ်ဧက(၈၁၇.၇၈)အား တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မည်သို့ မှတ်ချက်ပြုဆောင်ရွက်ခဲ့သည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝ မြို့နယ်၊ ကိုင်းကျေးရွာအုပ်စု ဇီးဒေါင့်ကျေးရွာနှင့် ထိစပ်နေသည့် ယချွန်တောင် ရေဘေးရှောင်မြေနေရာကို အမှန်တကယ် ရောင်းချထားခြင်းရှိ/မရှိနှင့် ယင်းမြေနေရာကို မည်သည့်အတိုင်းအတာဖြင့် သတ်မှတ်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ သာယာလှပစေရေး၊ အေးချမ်းလုံခြုံစေရေးအတွက် လမ်းမီးများ တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ကသာ-ဗန်းမော် မီးရထားလမ်းစီမံကိန်းအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ချိတ်ဆက်၍ နောင်အနာဂတ်တွင် မည်သို့မည်ပုံ စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာသော ရေယာဉ်များ၊ ဝါးဖောင်များမှ ရေမြစ်ဖြိုးအကောက်စခန်းမှ မြစ်ကြောင်းအသုံးပြုခ ကောက်ခံရာတွင် မည်သည့်နှုန်းထားဖြင့် ကောက်ခံနေသည်ကို သိရှိလိုပါကြောင်းနှင့် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလအထိ ရေမြစ်ဖြိုး အကောက်စခန်း(ကလေးဝ)မှ ကောက်ခံရရှိငွေ မည်မျှ ရှိသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ အနာဂါတ်ဖွံ့ဖြိုးရေးအတွက် မြို့အင်္ဂါရပ်နှင့်အညီ လိုအပ်သော မြို့တော်ခန်းမ၊ ကစားကွင်း၊ ပန်းခြံတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ လက်လုပ်လက်စားရွှေသတ္တုနှင့် ကျောက်မျက် ရတနာတို့မှနိုင်ငံတော် အခွန်အခမည်မျှရရှိသည်ကို သိရှိလိုပါကြောင်းနှင့် ရရှိသော အခွန်အခများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မည်သို့စီမံ ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခန္တီးမြို့နယ်၊ ပတ္တာဘွန်၊ ပယင်းမှော်လုပ်ကွက် ရောင်းချရငွေမှ ခန္တီးမြို့နယ်အတွက် (CSR) ရန်ပုံငွေခွဲဝေ ပေးနိုင်ခြင်းရှိ/မရှိနှင့် ခွဲဝေပေးမည်ဆိုပါက ရငွေ၏ ရာခိုင်နှုန်းမည်မျှ ခွဲဝေပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ယင်းမာပင်မြို့နယ် နေရာ(၅)နေရာတွင် ဝါးနှင့်ပြုလုပ်သော ကုန်ချောပစ္စည်းများ ယက်လုပ်နည်းသင်တန်း၊ မုန့်ဖုတ်သင်တန်း၊ သစ်သီးဖျော်ရည်သင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(ခ) အတည်ပြုခြင်းကဏ္ဍတွင် အစည်းအဝေး(နဝမနေ့)က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် ”၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”နှင့်စပ်လျဉ်း၍ အရအသုံး ငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ ဆွေးနွေးချက်အပေါ်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(နဝမနေ့)က တင်သွင်းခဲ့သည့် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ “၂၀၁၉ ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာ”အား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ အစည်းအဝေး(နဝမနေ့)က တင်သွင်းခဲ့သည့် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးကိစ္စရပ်များလေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ၏ “၂၀၁၉ခုနှစ်အတွင်း တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) အစည်းအဝေး(အဋ္ဌမနေ့)က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းခဲ့သည့် ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၇)ဦးမှ ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး
လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ လက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီမှ “ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်မှုအစီရင်ခံစာ”ကို ကော်မတီအဖွဲ့ဝင်၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးကျော်မင်းထွန်းမှ လွှတ်တော်တွင် မှတ်တမ်း တင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၂၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၂:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။