၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၉)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း (၉၉)ဦးအနက် (၇၉)ဦးတက်ရောက်သဖြင့် (၇၉.၈၀)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ပါသည်၊၊
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ မှန်နွဲကျေးရွာ၊ ကောင်းကွေကျေးရွာ၊ ကြုပ်သာကျေးရွာ၊ တိုင်သာကျေးရွာ၊ လောသာကျေးရွာနှင့် အင်းတော်ရေနံမြေသို့ သွားသောလမ်းပေါ်တွင် လိုအပ်သော တံတားနှင့် Box Culvert များကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးကယ်၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လဟယ်မြို့နယ်တွင် အရေးတကြီးလိုအပ်လျက်ရှိသည့် ချောင်းကူးတံတား စုစုပေါင်း(၁၂)စင်းအား နှစ်အလိုက်ဆောင်ရွက်ရမည့် စီမံကိန်းများတွင် ထည့်သွင်းဖော်ပြထားသော်လည်း ရန်ပုံငွေရရှိခြင်းမရှိသေးသဖြင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက် ဦးပိုင်အမည်ပေါက် အစဉ်အဆက် လုပ်ပိုင်ခွင့်ရလယ်မြေ (၃.၉၂)ဧကအား လျော်ကြေးမဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသုံးပြု ထားပြီး အသုံးမပြုဘဲ ကျန်ရှိသောအပိုင်းနှင့် ကွင်းအမှတ်(၂၀၄၂/က)၊ ဦးပိုင်အမှတ် ၇၀/က)၊ (၇၀/င)ကို မြို့မစိုက်ပျိုးရေးစခန်းအဖြစ် တည်ဆောက်ထားပြီး အသုံးမပြုဘဲ ကျန်ရှိသော အပိုင်းတို့ကို ကွင်းဆင်းစိစစ်၍ မူလပိုင်ရှင်များထံ မြေယာ ပြန်လည်စွန့်လွှတ်ရန်(သို့) လျော်ကြေးတစ်စုံတစ်ရာ ထည့်သွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တမူးမြို့နယ်၊ စော်ဘွားအုပ်စု ကွင်းပိုင်၊ မော်ကူးကွင်းပြင်တွင် လယ်ယာစိုက်ပျိုး လုပ်ကိုင်ခဲ့သော ထန်းတပင်ကျေးရွာမှတောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်ရန် မော်ကူးချောင်းနှင့်ချောင်းညီနောင်ချောင်းဆုံရာတွက် ကန်ပိတ်ပြုလုပ်ခြင်းနှင့် လျှိုဖျက်သည့်နေရာတွင် ကွန်ကရစ်ရေသွယ်မြောင်း ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၅) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းအုပ်စု ကင်းပန်းကျေးရွာ အရှေ့ဘက်(၁)မိုင်ခန့်တွင်ရှိသော ဝါးဘိုးချောက်ကန်အား ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၆) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ယင်းမာပင် မြို့နယ်၊ အင်းအုပ်စု၊ ပေါက်သဖကျေးရွာရှိ အကျယ်(၂၅)ဧကခန့်ရှိသော အများသုံးသောက်သုံးရေကန်နှင့် ယင်းမာပင်မြို့နယ်၊ ဆင်စွယ်မြောက်ရွာ၏ အနောက်မြောက်ဘက်တွင်ရှိသော ကိုယ်ထူကိုယ်ထ တူးဖော်ထားသည့် အများသုံး ရေကန်အား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး
ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၇) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်၊ အင်ကြင်းပင်နှင့် ပလိုင်းကန်ရွာအနီးရှိ စိုက်ပျိုးရေနှင့် သောက်သုံးရေ အတွက် အားထားရသော တာတိုင်၊ ခိုကြီးကန်၊ ယင်းမကန်၊ သက်ပေးကန်များ တိမ်ကောနေမှုအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၈) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်၊ မြို့ပတ်လမ်းဖြစ်သော ချောင်းဦးတောင်-ပခုက္ကူလမ်းအား ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် ၎င်းလမ်းပိုင်းပေါ်တွင် လိုအပ်သော တံတား (၁)စင်းအား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၉) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့ပေါ် ပညာလမ်းနှင့် ဆေးရုံလမ်းဆုံတွင် (အလျားပေ၂ဝ×အကျယ်ပေ၂၄)ရှိသော R.C သံကူကွန်ကရစ်တံတား (၁)စင်းအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကိုစည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားရယူ၍ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) တင်သွင်းခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဌာနမှ ပေးပို့ထားသည့် ”စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)”ပါ အပိုဒ်၊ အပိုဒ်ခွဲများ နှင့်စပ်လျဉ်း၍ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီမှ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဦးသန်းလှိုင်မှ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဃ) စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီမှ ပြင်ဆင်ဖြည့်စွက်ရန် တင်သွင်းသည့်”စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)”ပါ အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၉)ရက်၊ ယနေ့ညနေ (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(င) ဥပဒေအတည်ပြုခြင်းကဏ္ဍတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်(၁)ဖြင့် (၉.၆.၂၀၂၀)ရက်နေ့တွင် အတည်ပြုပြဌာန်းကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၁၀)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၁:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။















