ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) ပထမနေ့ ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၂၀) ပထမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၁)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံရသူ ဗိုလ်မှူးကြီး ဝင်းတင်စိုး နှင့် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့မှ လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၉၂)ဦးတက်ရောက်သဖြင့် (၉၃.၈၈) ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမြင့်နိုင်ဦး၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တမူးမြို့နယ်၊ ဖိုင်လင်းကျေးရွာရှိ စိုက်ပျိုးဧက(၅ဝဝ)အတွက် စိုက်ပျိုးရေအဆင်ပြေစေရန် ချောင်းပိတ်၍ ရေလွဲဆည်တည်ဆောက်နိုင်ရေး အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၂) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကုန်ထုတ်သမအသင်းမှ ဦးညွန့်ဆန်းပါ တောင်သူ(၂၂)ဦး၏ သိမ်းဆည်းခံရမြေ(၁၉၂)ဧကအား တောင်သူလက်ဝယ်အရောက် ပြန်လည်ရရှိရေး မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်၊
ငါးလုံးတင်ကျေးရွာအုပ်စု၊ ဆင်မြေကျေးရွာတွင် တောင်ဖီလာ−ရှမ်းထူး
ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ
လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(ခ) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ”၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း”တို့အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဂ) စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ တင်သွင်းသော ”၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း” တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၂)ရက်၊ ဗုဒ္ဓဟူးနေ့ (၁၅:၃၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) ပထမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၂)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) ပထမနေ့ကို (၁၀:၄၅)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။