ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀)စတုတ္ထနေ့ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ(၂၄)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၇)ဦးတက်ရောက်ပါသည်၊၊

(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်ဆူပင်စီမံကိန်းစိုက်ပျိုးခဲ့သည့် မြေကွက်များ၊ မြေနေရာများအားစာရင်းပြုစု၍ လက်ရှိကာလနှင့် အနာဂတ်ကာလအတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ Town Plan စီမံကိန်းများ Future Plan စီမံချက်များတွင် တန်ဖိုးရှိစွာ အသုံးပြုနိုင်ရန် ကျန်ရှိသည့်မြေဧရိယာများအား နိုင်ငံတော်ပိုင်မြေ State Lands အဖြစ် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၂) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၈၅၅)၊ ဧက(၁၀၀) ပြန်လည်ရရှိရေး တောင်သူ(၉)ဦး၏ တင်ပြလျှောက်ထားမှုနှင့်ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။

(၃) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာမြို့နယ်၊ ကျေးရွာ(၇)ရွာရှိ တောင်သူ(၃၈၁)ဦး၏ ယာမြေ(၁၇၇၂.၀၅)ဧကသည် အောင်ပုံ နတ်တံတား ကြိုးပြင်ကာကွယ်တောများအဖြစ် သတ်မှတ်ထားသဖြင့် တောင်သူများ လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရန် အထောက်အထား ရှိသောမြေများအဖြစ် (သို့) ပုံစံ(၇)လျှောက်ထားပိုင်ခွင့်ရှိသော ယာမြေများ အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(၄) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူမြို့နယ်၊ မဲဇာတောကျေးရွာအုပ်စု၊ ခိုတောင်ကြိုးဝိုင်းအတွင်းရှိ သစ်တောမြေများအား ဒေသခံပြည်သူ အစုအဖွဲ့ပိုင်အဖြစ် သက်ဆိုင်ရာသစ်တောဦးစီးဌာနမှ လုပ်ပိုင်ခွင့်ပြုထားပြီး ၎င်းသစ်တောမြေများတွင် ခင်ဦးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) ထုတ်ပေးထားခြင်းကို ပြန်လည်စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် “၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ခဲ့သည့် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဂ) အတည်ပြုခြင်းကဏ္ဍတွင် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီတွင် ကြည်း ၄၁၉၆၁ ဗိုလ်မှူးလှထွဋ်နောင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေး အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီတွင် ကြည်း ၅၄၂၀၄ ဗိုလ်ကြီးရန်ကျော်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးအပ်ခြင်းတို့ကို လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ဃ) ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၏ “၂၀၁၆-၂၀၂၀ခုနှစ် (၅)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်မှ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၄)ရက် ယနေ့ (၁၆:၀၀)နာရီ အချိန် နောက်ဆုံးထား၍ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(င) ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှပေးပို့သည့် စစ်ကိုင်းတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ နည်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၈အရ ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန်အချက်ရှိပါက ပြင်ဆင်၊ ပယ်ဖျက်လိုသောအချက်များကို ဖြန့်ဝေသည့်နေ့မှ ရက်ပေါင်း (၉၀)အတွင်း အဆိုတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် အထူးအစည်းအဝေး(၂/၂၀၂၀) အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။

၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့ကို (၁၁:၁၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်၊

108285090_2829479040609277_6036602239086628930_o 109816271_2829479127275935_5197936862502895076_o 109929343_2829479153942599_3582919854276709175_o 111874564_2829479177275930_5347577499817895623_o 112915237_2829479237275924_8935878537161690077_o 113211847_2829479087275939_792259411404031699_o