ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၄)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၃)ဦး တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝန်းသိုမြို့နယ်၊ ကြိမ်ဖူးကုန်းကျေးရွာရှိ ရှေးဟောင်းရေကန်ကြီးကို ပြန်လည်တူးဖော်ပြီး ကန်ဘောင်ကို ကျောက်စီနံရံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကန့်ဘလူမြို့နယ်၊ထန်းကုန်း- ဇီးပင်သာ- ရဲဒွေး- ထိန်တော− သရက်တော− ကျေးပင်အက် ကျေးရွာချင်းဆက် မြေသားလမ်း(၁၂)မိုင် (၅)ဖာလုံကို (၂ဝ၂၁-၂ဝ၂၂)ခုနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း(သို့မဟုတ်) ကတ္တရာလမ်းအဖြစ် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”
စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့နယ်၊ လာဘို့-မင်းကင်းလမ်း(KM11-12)ကြား မြေလှန်တောင်အဆင်းလမ်း (၁)ဖာလုံခန့် ဖောက်လုပ်ပေးရန်နှင့် မြေကာနံရံ၊ ကျောက်စီရေမြောင်း ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်း-မုံရွာလမ်းသည် လမ်းနယ်နိမိတ်ပေ(၂၃ဝ)ထိ သတ်မှတ်သော်လည်း လမ်းနယ်နိမိတ်(၁၅ဝ) အထိသာ ကျောက်တိုင်များ စိုက်ထူထားသောကြောင့် တောင်သူများမှ လမ်းနယ်နိမိတ် (၁၅ဝ)ထိသာသိရှိထားပြီး သက်ဆိုင်ရာဌာနနှင့် မကြာခဏ အငြင်းပွားမှုဖြစ်ပေါ်လျက်ရှိသဖြင့် လမ်းနယ်နိမိတ်မြေပေ(၈ဝ)ကို ဥပဒေနှင့် အညီ သိမ်းဆည်းဆောင်ရွက်မှု ရှိ/မရှိနှင့် မြေယာပိုင်ဆိုင်သော တောင်သူများအား လမ်းနယ်နိမိတ် ပေ(၂၃ဝ)ဖြစ်ကြောင်း သိရှိစေရန် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၅) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်၊ ကုံကိုင်လုံရွာမကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းကို မြေပြိုမှုမှကာကွယ်ရန် (၇ဝဝ)ပေကွန်ကရစ်ရေမြောင်းနှင့် (၄ဝဝ ပေ × ၁၅ ပေ) မြေထိန်းနံရံအား အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၆) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါမေးခွန်း (၂)ခုအား လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်−
(ကက) ”ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းအတွက် ကျောင်းဆောင်သစ် တစ်ဆောင်ကို အနီးစပ်ဆုံး
ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(ခခ) ”ခင်ဦးမြို့နယ်၊ လက်ပံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအတွက် ကျောင်းဆောင်သစ်တစ်ဆောင်ကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ချထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ်မှ တင်သွင်းခဲ့သည့် ”၂၀၁၆−၂၀၂၀ခုနှစ်အတွင်း (၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ ဦးလှိုင်မြင့်၊ မော်လိုက် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အကြံပြုဆွေးနွေးချက်အပေါ် တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီး ဦးဖြိုးဖြိုးမှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဂ) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွန့်မှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစီရင်ခံစာ နှင့်စပ်လျဉ်းပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၅)ရက်၊ (အင်္ဂါနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ
အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဥပဒေ(မူကြမ်း)တင်သွင်းခြင်းကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနမှ ပေးပို့ထားသည့် ”စစ်ကိုင်းတိုင်းဒေသကြီး အဆောက်အအုံနှင့် မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်များနည်းဥပဒေ(မူကြမ်း)”ပါ အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက် လိုသည့်အချက်များအား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(င) ”စစ်ကိုင်းတိုင်းဒေသကြီး အဆောက်အအုံနှင့် မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်များ နည်းဥပဒေ(မူကြမ်း)”ပါ အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီမှ ပြင်ဆင်ဖြည့်စွက်ရန် တင်ပြထားသည့် အချက်များနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ (၂၅)ရက်၊ (အင်္ဂါနေ့) (၁၆:၀၀)နာရီအချိန်နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ် နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး သတ္တမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၅)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၁:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။