၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၉၈)ဦးအနက် (၈၀)ဦး တက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ယင်းမာပင်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေဖြင့် တင်ဒါအောင် ကုမ္ပဏီများဖြစ်သော Monywa Starနှင့် အောင်ဇင်လင်းကုမ္ပဏီတို့မှ တာဝန်ယူတည်ဆောက်သည့် အခြေခံပညာကျောင်းများအား မူလ Estimate ပါ သစ်သားတံခါးများ ပြန်လည်တပ်ဆင်ပေးရန်နှင့် အရည်အသွေးပြည့်မီသော အဆောက်အဦများရရှိနိုင်ရေး ခရိုင်/မြို့နယ် ပညာရေးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ စာကြည့်တိုက်များ ဆောက်လုပ်ရာတွင် အသုံးပြုသော မြှားတန်း(၃” × ၁.၅”)Channel သည် drawing တွင် 2.3 mm ဖြင့်တွက်ချက်ထားပြီး မြေပြင်၌ 1.2 mm ဖြင့် အသုံးပြုနေခြင်းအတွက် မည်သည့်အတွက်ကြောင့် သတ်မှတ်စံချိန်စံညွှန်းနှင့် လွဲချော်နေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ” ဖောင်းပြင်မြို့နယ်၊ မိုင်းနွဲ့အုပ်စု၊ စကားတာကျေးရွာ ကျေးလက်ဆေးပေးခန်းတွင် သူနာပြုသားဖွား(၁)ဦး(သို့) ယာယီသူနာပြုသားဖွား(၁)ဦး တာဝန်ချထားပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ ဒိုင်နတ်ကျေးရွာအုပ်စု၊ မြင်းတန်ကျေးရွာတွင် လစ်လပ်နေသည့် ကျန်းမာရေး ဆရာမ အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ချင်းပြည်နယ်ရှိ ဝေဘူလတောင်ကို ဖိုးလမင်းသာသာကုမ္ပဏီမှ သတ္တုတူးဖော်ရန် ဆောင်ရွက် နေမှုကြောင့် ကလေးမြို့နယ်ရှိ ကျေးရွာများ၏ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန် တိုင်းအစိုးရအနေဖြင့် ပြည်ထောင်စုနှင့် ချိတ်ဆက်၍ မည်ကဲ့သို့ ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက အောက်ပါ(၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာ(၂)ခုအား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်း တင်ကြောင်းကြေညာပါသည်-
(၁) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ‘၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(၂) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ တင်သွင်းခဲ့သည့် ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(ဂ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ “စစ်ကိုင်းတိုင်းဒေသကြီးအခြေခံပညာကျောင်းများ စီမံခန့်ခွဲရေး ဥပဒေ(မူကြမ်း)”ကို လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဃ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီမှ တင်သွင်းသည့် “စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းများ စီမံခန့်ခွဲရေး ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆(ခ) (၂)အရ လွှတ်တော်၌ လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် ဥပဒေ(မူကြမ်း)ကို လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့်
တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆(ခ) (၃)အရ ဥပဒေပြုရေးဆိုင်ရာ ကော်မတီသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။
(င) စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ (၅)နှစ်တာလုပ်ငန်းဆောင်ရွက် ချက်အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
အနေနှင့်၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၇)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ဦးလာလ်ထောင်ထန်း၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာ”အား လွှတ်တော်သို့ တင်သွင်းခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂၇)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ် နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး နဝမနေ့ကို၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ(၂၇)ရက် (ကြာသပတေးနေ့) နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၁:၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်၊၊










