ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့် ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၉၈)ဦးအနက် (၈၂)ဦးတက်ရောက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုအား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်−
(ကက) ”ဖောင်းပြင်မြို့နယ်၊ စစ်တောင်ရွာကိုကမ်းပြိုမှုမှကာကွယ်နိုင်ရေး ကမ်းထိန်းနံရံများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(ခခ) ”ဖောင်းပြင်မြို့နယ်၊ စံပြရေအောက်တောင်းရွာနှင့် မင်းဆက်ကျေးရွာလမ်း (၂)မိုင်အား ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း။
(၂) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ” တင်ဒါအောင်ကုမ္ပဏီများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရားများ ပြည့်စုံမှုမရှိသည့်အတွက် လုပ်ငန်းများနှောင့်နှေးကြန့်ကြာနေသဖြင့် လာမည့်ဘဏ္ဍာရေးနှစ်များတွင် တင်ဒါခေါ်ယူသည့်အခါ စက်ယန္တရား ပြည့်စုံမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက အောက်ပါ(၅)နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာ(၂)ခုအား လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်း တင်ကြောင်းကြေညာပါသည်-
(၁) ပညာရေး၊ ကျန်းမာရေး၊ အားကစား နှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(၂) တရားဥပဒေစိုးမိုးရေး၊တရားစီရင် ရေးနှင့်ဥပဒေရေးရာကော်မတီ၏ ”၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”
(ဃ) အထူးကိစ္စရပ်များ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ အထူးကိစ္စရပ်များ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာကော်မတီ၏ “တိုင်းဒေသကြီး အတွင်း သိမ်းဆည်းခံ လယ်ယာမြေကိစ္စရပ်ဆိုင်ရာ သုတေသနစုံစမ်းတွေ့ရှိချက် အစီရင်ခံစာ”အား မှတ်တမ်းတင်ရန် လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(င) ဥပဒေအတည်ပြုခြင်းကဏ္ဍတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြလာသည့် ”စစ်ကိုင်းတိုင်းဒေသကြီး၊ မသန်စွမ်းသူများဖွံ့ဖြိုးရေး ဥပဒေ(မူကြမ်း) ” နှင့်စပ်လျဉ်း၍ လွှတ်တော်၏အတည်ပြုချက်ရယူပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် (၅)ဖြင့် (၁.၉.၂၀၂၀) ရက်နေ့တွင် အတည်ပြုပြဌာန်းကြောင်းလွှတ်တော်က ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၂)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို (၁၀:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
w1 w2 w3 w4 w5