ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂)ရက် (ကြာသပတေးနေ့)၊ (၁၀၀၀)နာရီအချိန်တွင် အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၉၀) ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ယဉ်ရွှေမှ ဆောင်ရွက်သည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်။
(၁) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝန်းသိုမြို့နယ်မှ ဗန်းမောက်မြို့နယ်သို့ သွားလာရာတွင်လည်းကောင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်နိုင်စေရန်အတွက်လည်းကောင်း၊ တောင်ချောင်း ချောင်းပေါ်တွင် တံတားတစ်စင်းတည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။

(၂) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချင်းတွင်း တံတားချဉ်းကပ်လမ်းမှ ကိုင်းရွှေတောင်ကျေးရွာသို့ သွားလာသောလမ်းကို ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏” တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် အငြင်းပွားနေသော လယ်ယာမြေများ၊ အမွေဆက်ခံခြင်းနှင့်ပတ်သက်သည့် အငြင်းပွားမှုများ၊ သက်ဆိုင်ရာတရားရုံး များတွင် တရားမကြောင်းအရ တရားစွဲဆိုလျက်ရှိသော လယ်ယာမြေများအား အငြင်းပွားမှုဆိုင်ရာပြဿနာနှင့် တရားစွဲဆိုမှုဆိုင်ရာ အမှုအခင်းများ အပြီး အပြတ်ဆုံးဖြတ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးမှီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရအာမခံလုပ်ငန်းအမျိုးအစား မည်မျှ ရှိသည်၊ ပုဂ္ဂလိကအာမခံလုပ်ငန်းအမျိုးအစား မည်မျှရှိသည်၊ မော်တော်ယာဉ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ သက်တမ်း တိုးများဆောင်ရွက်ရာတွင် ပေးသွင်းရသော အာမခံကြေးများအား မည်သို့သော အခြေအနေတွင် ပြန်လည်ခံစားခွင့်ရှိသည် စသည်တို့ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဖောင်းပြင် မြို့နယ်အတွင်းရှိ ရွာတန်းရှည်၊ နန်ယုံ၊ လယ်ဦးကျေးရွာချင်းဆက်လမ်း (၃)မိုင်အရှည်ပေါ်တွင် Box Culvert (၅’×၂၄’×၆’)(၅)စင်းနှင့် (၁၀’×၂၄’×၁၀’)
(၁)စင်းပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ရေဦးမြို့နှင့် တန့်ဆည် မြို့နယ်သို့ဆက်သွယ်ထားသော ရေဦး-တမတော-ကံထူးမလမ်းပိုင်းရှိ ကွမ်းအုံရွာ အနီး မိုင်(၉/၅-၉/၆)တွင် (၁ဝ)ပေတံတားတစ်စင်းနှင့် ကျောက်ကြမ်းလမ်း (၈)မိုင်(၃)ဖာလုံကို ကတ္တရာခင်းခြင်း ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကောလင်းမြို့နယ်၊ လာကာအုပ်စုအတွင်းနေထိုင်ကြသော ကျေးရွာသူ/သားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး အစရှိသည့် လူနေမှုဘဝများ
မြင့်မားလာစေရေးအတွက် အိုင်ကြီး-လာကာလမ်းအား ရာသီမရွေးသွားလာ နိုင်သောလမ်းအဖြစ် တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပင်လည်ဘူး မြို့နယ်၊ မြေသာကျေးရွာအုပ်စု၊ မြေသာကျေးရွာသည် မူးမြစ်ရေတိုက်စား မှုကြောင့် ခန့်မှန်းပေ(၅၀၀)ခန့် ပြိုပျက်ခဲ့သဖြင့် အချိန်မီကမ်းထိန်းနံရံ တည်ဆောက်ပေးရန် အနီးဆုံးဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေလျာထား သတ်မှတ်နိုင်ရန်နှင့် မြေပြင်အနေအထားကို ကွင်းဆင်းစိစစ်၍ အဆောတလျှင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်၊ နန်းတိုင်းသာကျေးရွာမှ မူလတန်း(ခွဲ)ကျောင်းအား မူလတန်းအဆင့် တိုးမြှင့် ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေး မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင် မြို့နယ် သငါကျေးရွာ အထက်တန်းကျောင်းကို ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲစာဖြေဌာနအဖြစ် ဖွင့်လှစ်ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးလှဖြိုး၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကျွန်းလှမြို့နယ်တွင် အိမ်ထောင်စု(၃ဝ၇)စုဖြင့်ဖွဲ့စည်းထားသော ပေကုန်းကျေးရွာအတွက် ဘက်စုံသားဖွားဆရာမ(၁)ဦး၊ ကြီးကြပ်(၂)အဆင့်(၁)ဦး ဖွဲ့စည်းပါဝင်သော ကျေးလက်ဆေးပေးခန်းတစ်ခုချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ) ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ”၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်း”များကို လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဂ) ထို့နောက် လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးမှ တင်သွင်းသည့် ”၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စစ်ကိုင်းတိုင်း ဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေမှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း”များနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၇)ရက်၊ (အင်္ဂါနေ့)မှာ ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်၊ (သောကြာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ရပ်နားကြောင်းနှင့် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဥ္စမနေ့)ကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၃)ရက် (သောကြာနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို (၁၁၂၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။05 06 14 17 18 24 25 28 29 30 31 33 44 48 50 51 52 53 54 55 56 113

Check Also

ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

၁။      ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယ နေ့ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၆)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၃)ဦး၊ …