ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ် အမှတ်(၂)၊ မုံရွာမြို့နယ်မှ တင်သွင်းသည့် အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးခြင်း

ထောက်ခံသူအမည်          − ဦးမိုးမင်းဝင်း

မဲဆန္ဒနယ်အမှတ်             − အမှတ်( ၂ )၊ ဒီပဲယင်းမြို့နယ်

တိုင်းဒေသကြီး               − စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီ            − အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ထောက်ခံသည့်အရေအတွက် − (၁) ခု

တင်သွင်းသည့်နေ့ရက်     − ၉ − ၈ − ၂၀၁၆

လေးစားအပ်ပါသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်တော်ကြီး များခင်ဗျား။ ကျွန်တော်ကတော့ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်း ဖြစ်ပါတယ်။

အခု ကျွန်တော်အနေနဲ့ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ကြည် ရဲ့ ဇေယျာရွှေမြေ(င်္ဃ)အသင်း၊အိမ်ကွင်းအဖြစ် ငှားရမ်း သုံးစွဲနေခြင်းကို မုံရွာမြို့နယ်၊ ပြည်သူ့အားကစားကွင်းအဖြစ်လွှဲပြောင်းပေးရန် အဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ(၂)ရက်နေ့က မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ဗီယက်နမ်အမျိုးသမီးလက်ရွေးစင် အသင်းကို ရှူံးနိမ့်ခဲ့ပါတယ်။ ရှူံးခြင်းနိုင်ခြင်းသည်ဆိုတာထက် ယနေ့လက်ရှိ မြန်မာအမျိုးသား၊ အမျိုးသမီး လက်ရွေးစင်အသင်းတွေရဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာရှိတဲ့အဆင့်အတန်းဟာ အားရစရာမရှိဘဲ အောင်မြင် တွေမရတာ ဆုတွေနဲ့ဝေးကွာခဲ့ရတာ ဆယ်စုနှစ်တွေချီကြာမြင့်ခဲ့ပါပြီ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတာကို သုံးသပ်ကြည့်ရင် ဘယ်လိုမှ ငြင်းလို့မရနိုင်တဲ့အချက်ကတော့ နည်းစနစ်ကျွမ်းကျင်မှုနဲ့ လေ့ကျင့် ရေး၊ ကြံ့ခိုင်မှုဆိုတဲ့အချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှာ ဆောင်ပုဒ်တစ်ခုရှိပါတယ်။ လေ့ကျင့်ခြင်းသည် စစ်ဆင်ရေး၊ စစ်ဆင်ရေးသည်လေ့ကျင့်ခြင်းလို့ဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးအသင်းတွေဟာ လေ့ကျင့်ရေးမလုံလောက်ပါဘူး၊ နိုင်ငံလက်ရွေးစင်ဖြစ်ပြီးမှရော မဖြစ်ခင်ကပါ လေ့ကျင့်မှုလုံလောက်ဖို့ဟာ အင်မတန်မကို လိုအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား..

နိုင်ငံလက်ရွေးစင်ကစားသမားဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး အရင်ဆုံးတိုင်းနှင့် ပြည်နယ် လက်ရွေးစင်ဖြစ်ဖို့လိုပါတယ်။ ဒီလို တိုင်းဒေသကြီးအဆင့်လက်ရွေးစင်တွေကို ကျွန်တော်တို့ စစ်ကိုင်းတိုင်း ဒေသကြီးရဲ့အားကစားနှင့် ကာယပညာဦးစီးဌာနအနေနဲ့ တာဝန်ယူရှာဖွေဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။

အရင်ကာလတွေကဆိုရင် ပြည်သူ့အားကစားကွင်းကြီးမှာ တစ်လတစ်လခွဲခန့် အချိန်ယူပြီး ရပ်ကွက် ဘောလုံးပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲအပြီးမှာ မြိုကနယ်လက်ရွေးစင်အသင်းဖွဲ့စည်းပြီး ခရိုင်/တိုင်းအဆင့်ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပနိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းမှာတော့ ကနဦး(၃)နှစ် အခမဲ့နှင့် နှစ်(၃ဝ)ငှားရမ်းခွင့်စာချုပ်အရ ဇေယျာရွှေမြေ(FC)ဘောလုံးကလပ်အသင်းက မုံရွာမြို့ရဲ့ ပြည်သူ့အားကစားကွင်းကို ငှားရမ်းခဲ့တာကြောင့် အား/ကာဌာနအနေနဲ့ ပြိုင်ပွဲတွေကို လွတ်လပ်စွာကျင်းပနိုင်ခြင်းမရှိတော့ပါဘူး။ စာချုပ်ရဲ့အပိုင်း(၁ဝ)၊ အပိုဒ်(ဎ)မှာ ငှားရမ်းထားသော အားကစားကွင်းကို ဒေသအာဏာပိုင်၏ကြီးကြပ်မှု/ခွင့်ပြုမှုဖြင့် ဒေသဆိုင်ရာအားကစားပြိုင်ပွဲများ ကျင်းပ ခွင့်ကို မိမိလုပ်ငန်းစဉ်နှင့် တိုက်ဆိုင်မနေရင် အခမဲ့သုံးစွဲခွင့်ပြုရမည်။ ထို့အပြင် မုံရွာမြို့၏ အခြားကွင်း အသုံးပြုရန်မရနိုင်ပါက လေ့ကျင့်ရန်ခွင့်ပြုရမည်လို့ပါရှိပါတယ်။ သို့သော်လည်း လက်တွေ့မှာ ပြီးခဲ့တဲ့လ ကကျင်းပခဲ့တဲ့ တိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးချုပ်ဖလားပွဲကို ရက်ရွေ့ဆိုင်းခဲ့ရပါတယ်။ ငှားရမ်းပြီး ကတည်းက အားကစားသမားများ လေ့ကျင့်မှုကို ဂိုးတိုင်ရဲ့တောင်ဘက်ဘေးနေရာကျင်းကျင်းကလေးမှာ လုပ်ရပါတယ်။ ရပ်ကွက်ပွဲတွေမကျင်းပနိုင်ခဲ့တာလည်းကြာခဲ့ပါပြီ။ ဆင့်ကဲဆင့်ကဲတင်ပြနေရတာတွေ အစရှိ တဲ့နှောင့်နှေးကြန့်ကြာမှုတွေကြောင့် သည်မြို့ကြီးမှာ အားကစားကွင်းအပိုင်ရှိဖို့ဟာ မရှိမဖြစ်လိုအပ်ပါတယ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဆောင်ရွက်ခြင်း ဥပဒေအမှတ်၊ ၄/၂သသ၅၊ အခန်း(၈) စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်အပိုဒ်(ခ) အရ ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်ပါတယ်။
မုံရွာမြို့ကြီးဟာ မြို့နယ်/ခရိုင်/တိုင်းအဆင့်(၃)ဆင့်စလုံးကို ကိုယ်စားပြုတဲ့မြို့ကြီးဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အခြားတိုင်းနှင့် ပြည်နယ်တွေမှာဆိုရင်လည်း တိုင်းနှင့် ပြည်နယ်အဆင့် အားကစားကွင်းအပိုင်တွေရှိကြပါတယ်။ ဒါကြောင့်-
(၁) ကျွန်တော်တို့ စစ်ကိုင်းတိုင်းရဲ့ အနာဂတ် ကစားသမားကောင်းများပေါ်ထွန်း လာရေးအတွက်လည်းကောင်း၊
(၂) လက်တွေ့လိုအပ်ချက်အရလည်းကောင်း၊
(၃) ဂုဏ်သိက္ခာအဆင့်အတန်းအရလည်းကောင်း၊
(၄) ဥပဒေအရလည်းကောင်း ဘက်ပေါင်းစုံမှ ခြုံငုံပြီး ဇေယျာရွှေမြေ(င်္ဃ)ယူနိုက်တက် အသင်းမှ အိမ်ကွင်းအဖြစ် ငှားရမ်းသုံးစွဲနေခြင်းကို မုံရွာမြို့ပြည်သူ့အားကစားကွင်းအဖြစ် ပြန်လည် လွှဲပြောင်းပေးနိုင်ပါရန် ထောက်ခံတင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

ဦးမိုးမင်းဝင်း