ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ် အမှတ်(၂)၊ မုံရွာမြို့နယ်မှ တင်သွင်းသည့် အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးခြင်း

ထောက်ခံသူအမည်          − ဦးဝဏ္ဏ

မဲဆန္ဒနယ်အမှတ်             − အမှတ်( ၂ )၊ အရာတော်မြို့နယ်

တိုင်းဒေသကြီး               − စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီ            − အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ထောက်ခံသည့်အရေအတွက် − (၁) ခု

တင်သွင်းသည့်နေ့ရက်     − ၁၀ − ၈ − ၂၀၁၆

လေးစားအပ်ပါသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်တော်များ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းသအပ်ပါတယ်။

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ကြည် ရဲ့ မုံရွာမြို့၊ ဇေယျာရွှေမြေဘောလုံးကလပ်က ငှားရမ်းထားတဲ့ အားကစားကွင်းအဖြစ်ပြန်လည်လွှဲပြောင်းရယူရန် တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား

မုံရွာမြို့သည် ယခုအခါ စစ်ကိုင်းတိုင်းရဲ့ မြို့တော်အဖြစ်အချက်အချာကျရာဖြစ်နေပါတယ်။ ထို့အတွက်ကြောင့်လည်း တိုင်းမြိုကတော်သည်နှင့်အညီ တိုင်းအားကစားကွင်းတစ်ခုရှိသင့်တာအမှန်ဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအဖြစ် ပြေးခုန်ပစ်အားကစားသမားများ၊ ဘော်လုံး၊ ဘတ်စကတ်ဘော၊ ဘော်လီဘောစသဖြင့်အမျိုးစုံသောအားကစားနည်းများအလိုက် အားကစားသမားများကို အားကစားသိပ္ပံ များ၊ ဘော်လုံးအကယ်ဒမီများဖွင့်လှစ်ပြီး ငယ်စဉ်အရွယ်မှစ၍ လေ့ကျင့်ပျိုးထောင်ပေးမှသာ ကမ္ဘာ့အဆင့် နှင့် ရင်ဘောင်တန်းလာနိုင်မည်ဆိုတာကို သိရှိဆောင်ရွက်နေတာတွေ့ရပါတယ်။ မြို့နယ်တိုင်းမှာ အားကစားမှူးများထားရှိပြီး အားကစားကွင်းများကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်နေတာတွေ့ရပါ တယ်။မုံရွာမြို့အနေနှင့်လည်း တိုင်းအဆင့်အားကစားကွင်းတစ်ခု၊ ဌာနပိုင်ရှိသင့်တာအမှန်ဘဲဖြစ်ပါတယ်။

သို့ရာတွင် မုံရွာမြို့အားကစားကွင်းနှင့် သက်ဆိုင်သည့်အဆောက်အဦးများအားလုံးကို (၈-၁၁-၂ဝ၁ဝ)မှစ၍ (၇-၁၁-၂ဝ၁၃)အထိ ဇေယျာရွှေမြေဘော်လုံးကလပ်အသင်းက(၃)နှစ်ကို ဆိုင်ခန်း (၉၃)ခန်းငှားရမ်းခပေးခြေ၍ ကွင်းကိုတော့အခမဲ့ငှားရမ်းရရှိသွားပါတယ်။ (၈-၁၁-၂ဝ၁၃)မှစ၍ ကွင်းငှားရမ်းခတစ်နှစ်(၅ဝ)သိန်း၊ ဆိုင်ခန်းငှားထတစ်နှစ်(၃၃၄၈ဝဝဝိ/-)ပေးခြေ၍ (၅)နှစ်တဖြတ်စာချုပ် ချုပ်ဆိုငှားရမ်းတာတွေ့ရပါတယ်။

သို့သော်လည်း ဆိုင်ခန်းငှားခများကို တခန်းလျှင်(၁၅ဝဝဝိ/-)နှုန်းဖြင့်ကောက်ခံသည့် အတွက် ပထမအခမဲ့(၃)နှစ်အတွင်း (၄ဝ၁၇၆ဝဝဝိ/-)အကျိုးအမြတ်ရရှိခဲ့ပါတယ်။ (၈-၁၁-၂ဝ၁၃)မှစ၍ ကွင်းငှားခ(၅ဝ)သိန်းပေးခြေရသည့်အတွက် တစ်နှစ်လျှင်(၈၃၉၂ဝဝဝိ/-)သာလျှင်ပိုလျှံရရှိနေတာ တွေ့ရပါတယ်။ ဇေယျာရွှေမြေဘော်လုံးကလပ်အနေဖြင့် ဆိုင်ခန်းငှားခရငွေ(၃ဝဝဝိ/-)ဟုဖေါ်ပြထားပြီး (၁၅ဝဝဝိ/-)ကောက်ခံကာ ပိုငွေများကိုပြည်သူ့ဘဏ္ဍာအဖြစ်ပေးသွင်းရမည့်အစား အလွဲသုံးစားပြုလုပ် အမြတ်ထုတ်နေတာတွေ့ရပါတယ်။

ထို့ကြောင့် ဆိုင်ခန်းငှားခ သတ်မှတ်ချက်ထက်ကျော်လွန်ကောက်ခံ၍ နိုင်ငံတော်အပေါ် လည်း စေတနာမရှိ တာဝန်မကျေသည့်ကွင်းငှားရမ်းသူဇေယျာရွှေမြေဘောလုံးကလပ်သည် စာချုပ်ပါ စည်းကမ်းချက်နှင့်မညီကျင့်သုံးသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၄င်းဘော်လုံး အားကစား ကွင်းအားပြန်လည်လွှဲပြောင်းရယူသင့်ကြောင်းတိုက်တွန်းတဲ့ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်ရဲ့ အဆိုကို အလေးအနက်ထောက်ခံ အပ်ပါသည်။

ဦးဝဏ္ဏ