ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်း၊ ဒုတိယဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွှန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၉၅)ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ၊လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး၊ ဦးကျော်သူရမှ ဆောင်ရွက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူများနှင့်တွေ့ဆုံရန် တောတောင်လျှိုမြောင် များကို ဖြတ်သန်းသွားလာနေကြရသည့်အတွက် အချိန်မရွေးအန္တရာယ်နှင့်ရင် ဆိုင်ကြုံတွေ့နိုင်သဖြင့် သတင်းရယူရန်မွေးမြူထားသည့် သတင်းပေးများကို နိုင်နင်းစွာ ထိန်းချုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသည် နှစ်ကာလကြာမြင့်နေပြီး ယိုယွင်းပျက်စီးလာနေပြီဖြစ်၍ အဆောက်အဦးသစ် ပြန်လည်တည်ဆောက် နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဖြည့်စွက်ဘတ်ဂျက်တွင် လျာထားဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် လျာထားမပေးနိုင်သေးပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝက်လက် မြို့နယ်၊ ကိုင်းရွာအုပ်စု၊ သန်းတော်ကြီးကွင်း ကွင်းအမှတ်(၃၂၁၄)နှင့်အနီးရှိ တောင်သူများ အသုံးပြုနေသော HBC, DY(5) မူးမြောင်းပေါ်ရှိ ဒေသအခေါ်တံတားဖြူတံတားအား အမြန်ပြင်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြင်ဆင်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းမြို့နယ်ဆင်တပ်မြစ်ရေတင်စီမံကိန်း၏ DY-5မြောင်းလက်တံများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပြင်ဆင်ထိန်းသိမ်းစရိတ်များ ချထားပေးခဲ့မှုအခြေအနေနှင့် ငွေကြေးသုံးစွဲခဲ့မှု အခြေအနေနှင့် အသုံးမပြုတော့ပါက ၎င်းမြောင်းလက်တံကိုမည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိသည်ကို သိရှိလိုကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဒီပဲယင်း
မြို့နယ်တွင် တရားမဝင်ဖမ်းဆီးရမိခဲ့သောသစ်များသည် အချိန်(၁)နှစ်ကျော် (၂)နှစ်ခန့် ကြာမြင့်နေပြီဖြစ်၍ ပျက်စီးနိုင်သည့်အတွက် အမှုပြီးပြတ်ပြီးသစ် များအားရောင်းချရန် အစိုးရအဖွဲ့မှ မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကိုသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးသန်းညွန့်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဟုမ္မလင်းမြို့၊ မံမော် ရပ်ကွက် လျှပ်စစ်မီးလင်းနိုင်ရန်အတွက် ထပ်မံလိုအပ်နေသည့် 11KV ဓာတ်အားလိုင်း အရှည်ပေ(၂၅၅၀)အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၇) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပင်လည်ဘူး မြို့နယ်၊ ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူးလမ်း၊ မိုင်တိုင်အမှတ်(၄၂/ဝ-၁) ကြားရှိ တံတားအမှတ်(၁/၄၃) မြေလင်းရေကျော်တံတားသည် မိုးရွာသွန်း မှုကြောင့် ပျက်စီးသွားပြီး ကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ကာ နေအိမ်နှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးသွားပါသဖြင့် နောင် နိုင်ငံတော်ဘဏ္ဍာငွေများနှင့် ကျေးရွာတွင် ပျက်စီးဆုံးရှုံးမှုမရှိစေရေး မည်သို့ဆောင်ရွက်ပေးမည်၊ တံတားပုံစံတွက်ချက်မှု မှာယွင်းတည်ဆောက်သော အင်ဂျင်နီယာများအား မည်ကဲ့သို့ အရေးယူပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ” ဆားလင်းကြီးမြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းဖြစ်သော ဇီးချိုင်-ကျားတက်-ဆားလင်းကြီး လမ်းပိုင်းရှိ ကျားတက်ကျေးရွာမှ ဆားလင်းကြီးမြို့အထိ ကျန်ရှိနေသော (၁၂.၃)မိုင်အား (၁၈)ပေအကျယ်လမ်းချဲ့ထွင်ခြင်းအား အနီးစပ်ဆုံးဘဏ္ဍာ နှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြင်းမူ-အရာတော်-နောင်ကြီးအိုင်-ဘုတလင်လမ်းသည် နေ့စဉ်ယာဉ်ဖြတ်သန်းမှု များနေသောကြောင့် ကတ္တရာလမ်းအား အကျယ်(၁၈)ပေချဲ့ခြင်းလုပ်ငန်းကို ဘဏ္ဍာ နှစ်အလိုက်ဆောင်ရွက်ပေးရန်နှင့် မိုင်တိုင်အမှတ် (၄/ဝ)နှင့်(၄/၁)အကြားရှိ ကမ်းကပ်ခုံနိမ့်ကျပျက်စီးနေသော တံတားနှင့်မိုင်တိုင်အမှတ် (၁၂/ဝ)မှ (၁၂/၁) အကြားရှိ (၂)လုံးတွဲရေပြွန်အစား တံတား(၂)စင်းတို့အား လာမည့်ဘဏ္ဍာ နှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခန္တီးမြို့နယ်ရှိ
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအရှေ့ဘက်ရှိလမ်းမှာ အလျားပေ(၁ဝဝ)ခန့် ပြိုကျနေသည့်အတွက် ကျောင်းအတွင်းလမ်းမှ ယာဉ်များဖြတ်သန်းသွားလာနေရသဖြင့် ပညာသင်ကြားရေးတွင် အနှောင့်အယှက်များ ဖြစ်လာ နိုင်သောကြောင့် ပြိုကျနေသောလမ်းအား လာမည့်ပွင့်လင်းရာသီတွင် ပြုလုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက် နတ်ရှင်နောင်လမ်းတွင်ရှိသော အမှတ်(၈၇)အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်းရှိ (၉၀×၃၀)ပေသွပ်မိုး၊ အုပ်ညှပ်(၁)ထပ် အဆောက်အဦသည် ယနေ့အထိ ပြီးစီးမှုမရှိသဖြင့် ပြီးဆုံးအောင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်၊ တင်ဒါစာချုပ်ပါ စည်းကမ်းချက်အတိုင်း မည်ကဲ့သို့ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၁၂) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊အေးသာယာရပ်ကွက်ရှိ အ.လ.က(၂)တွင် (၉၀ × ၂၇ × ၃၀)ပေရှိ အောင်ဆန်း (၂)ထပ်ကျောင်းဆောင်နှင့်(၁၂၀×၂၄×၁၈)ပေရှိ တေဇ(၂)ထပ်ကျောင်းဆောင် တို့မှာ အန္တရာယ်ရှိကျောင်းဆောင်များဖြစ်နေသဖြင့် ဖျက်သိမ်းပြီး ကျောင်းဆောင်သစ် အစားထိုး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၃) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ ကင်းတပ်စံပြကျေးရွာ၏ တိုးချဲ့မူလတန်းကျောင်းအတွက် လိုအပ်သော ဆရာ/ ဆရာမများကို လက်ရှိ ပညာသင်နှစ်အတွင်း အမြန်ဆုံး ခန့်ထားပေးရန် အစီ အစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၃)ရက် (ဗုဒ္ဓဟူးနေ့)နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

DSCF4090 DSCF4114 DSCF4117 DSCF4121 DSCF4122 DSCF4126 DSCF4128 DSCF4131 DSCF4139 LRM_20181002_102102 LRM_20181002_102221 LRM_20181002_103153 LRM_20181002_103511