ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၃)ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျငး်ပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်း၊ ဒုတိယဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွှန့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း (၉၂)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ်လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး၊ ဦးကျော်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆောင်ရွက်ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဒီပဲယင်းမြို့နယ်၊ သရက်ကျင်းကျေးရွာ ဓမ္မာရုံရေစက်ချပွဲတွင် လင်းရတနာဇာတ်ပွဲကပြနေရာ၌ ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်၍ တရားခံအားလွတ်မြောက်အောင် တာဝန်ပေါ့စွာ ဆောင်ရွက်ခဲ့သော တာဝန်ရှိ ရဲအရာရှိနှင့် ရဲတပ်ကြပ်ကြီးတို့အား မည်ကဲ့သို့အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂ ) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်းမြို့နယ်အတွင်း ကျွဲ၊ နွားသယ်ဆောင်ရောင်းဝယ်မှုများကို ဥပဒေနှင့်အညီ စနစ်တကျ ဖြစ်စေရေးအတွက် လုပ်ကိုင်ခွင့်ရသူများသို့ ခွင့်ပြုမိန့်များကို စနစ်တကျထုတ်ပေးစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြပ်မတ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၃) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းမာပင် မြို့နယ်အတွင်းရှိ တောင်သူအများစုမှာ နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့သောလယ်မြေများနှင့်ပတ်သက်၍ ပုံစံ(၇)ရရှိခြင်းမရှိသေးသဖြင့် ပုံစံ(၇)အမြန်ရရှိရေး မြို့နယ်/ခရိုင်/တိုင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာနမှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ”တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြို့နယ်များ၌ ဖရဲ၊ သခွားစိုက်နေသည့်ကုမ္ပဏီများရှိ နိုင်ငံခြားသားများ၏ ဗီဇာအမျိုးအစားကို စစ်ဆေးခြင်း၊ အခွန်အပြည့်အဝရရှိအောင်ဆောင်ရွက်ခြင်း၊ တောင်သူများထံမှ ငှားရမ်းသောမြေများကို မပျက်စီးစေရန်အတွက် တားမြစ်မြေသြဇာများ သုံးစွဲမှုရှိ/မရှိစစ်ဆေးခြင်း၊ ပိုးသတ်ဆေး၊ မျိုးစေ့နှင့်စျေးကွက်များ အာမခံချက်များရရှိရန်အတွက် ဥပဒေနှင့်အညီ မည်သို့ကြိုတင်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅ ) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝန်းသိုမြို့နယ်တွင် တရားမဝင်ရွှေသတ္တုတူးဖော်ခြင်းနှင့် တရားမဝင်သစ်ခိုးထုတ်လုပ်မှုများ ပပျောက်အောင် ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် တရားဝင်လုပ်ခွင့်ရ သတ္တု တူးဖော်ရေးကုမ္ပဏီများ၏ ခွင့်ပြုကာလ သက်တမ်းများကို ပြည်သူအများ သိရှိနိုင်အောင် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆ ) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ် တောင်ပိုင်း၊ မြောက်စည်းရွာအား မဏိပူရမြစ်ရေ တိုက်စားမှုမှကာကွယ် နိုင်ရန်အတွက် တိုင်းဒေသကြီး၏အရေးပေါ်ရန်ပုံငွေမှ သို့မဟုတ် သင့်လျော်မည့် ခေါင်းစဉ်အောက်မှ အမြန်ဆုံးရရှိဆောင်ရွက်ပေးနိုင်မည်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က တည်ဆောက်ခဲ့သည့် ကမ်းထိန်းနံရံ ပျက်စီးခဲ့ခြင်းအတွက် မည်ကဲ့သို့ပြန်လည်ဆောင်ရွက်ပေးနိုင်မည်၊ ၂၀၁၈-၂၀၁၉ဘတ်ဂျက်ပါ ကမ်းထိန်း နံရံလုပ်ငန်းများကိုလည်း တည်ဆောက်ပြီး ပျက်စီးခြင်းမရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဖောင်းပြင် မြို့နယ်၊ နန်းပါဟုတ်ကျေးရွာသည် သွားလာရေးခက်ခဲနေသဖြင့် နန်းပါဟုတ်၊ ရွာတန်းရှည်ကျေးရွာချင်းဆက်လမ်း (၃)မိုင်(၄)ဖာလုံအား ရာသီမရွေး သွားလာနိုင်သည့် ကျောက်ရောမြေခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အကယ်၍ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် မည်သည့်ဘတ်ဂျက်ဖြင့် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဗိုလ်ကြီးကျော်ဝင်းလှိုင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”ရွှေဘိုမြို့ရှိ ရွှေဘို-ညောင်ပင်သာ-ရေဦးကားလမ်းနံဘေးရှိ တတိယမြန်မာ နိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ရာဇဘိတ်သိပ်ခံယူခဲ့သည့် ရာဇအောင်မြေသို့ သွားရာမြေသားလမ်း (၃၂၂၀) ပေအား ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းခင်းပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ” ဥယျာဉ်သာကျေးရွာနှင့်လှတော-သမံသာ-စွယ်ကွေ့ ကျေးရွာချင်းဆက် ကိုယ့်အားကိုယ့်ကိုး ဆောင်ရွက်ထားသော ကုန်ထုတ်မြေသားလမ်း(၂.၅)မိုင်အား ဂျင်းကျောက် ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်အတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ပုလဲမြို့နယ်၊ ချင်ပြစ် ကျေးရွာရှိ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဦးအောင်တိုးသည် ၂၀၀၆ ခုနှစ် ကွယ်လွန်ချိန်အထိ ချီးမြှင့်ငွေနှင့် ပင်စင်အကျိုးခံစားခွင့်များ မရရှိခဲ့သဖြင့် ရသင့်ရထိုက်သော လွတ်လပ်ရေး မော်ကွန်းဝင်အဆင့် ဆုချီးမြှင့် ငွေနှင့် ပင်စင်လစာခံစားပိုင်ခွင့်ကို သားဖြစ်သူ ဦးလှိုင်က ဆက်လက်ခံစား ပိုင်ဆိုင်ခွင့်ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဆားလင်းကြီး မြို့နယ်အတွင်းရှိ (၂ဝ၁၇-၂ဝ၁၈)ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ် ခဲ့သော ညောင်ပင်ကြီး(အ.ထ.က)ရှိ နှစ်ထပ်ကျောင်းဆောင်နှင့် ရုံးပင်ရိုး မူလတန်းကျောင်းရှိ ပေ(၆ဝ×၃ဝ)တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ထား မှုမှာ အရည်အသွေး ပြည့်မှီခြင်းမရှိသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မည်ကဲ့သို့ဆောင်ရွက်ပေးမည်၊ တင်ဒါအောင် ဧရာဝတီချင်းတွင်းစတား ကုမ္ပဏီအား မည်ကဲ့သို့ ညွှန်ကြားပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(ခ) ဆက်လက်၍ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု ဒုတိယအကြိမ်အစီရင်ခံစာ”အား ကော်မတီ ဥက္ကဋ္ဌ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဝဏ္ဏမှ လွှတ်တော်သို့တင်သွင်းခဲ့ရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်၊ သောကြာနေ့မှာ ဆွေးနွေးမည်ဖြစ်သဖြင့် အစီရင်ခံစာအပေါ် ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များအနေနှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်၊
ကြာသပတေးနေ့ ညနေ(၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာပါသည်။
(ဂ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကိုရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၄)ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို (၁၁:၄၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

LRM_20181003_095712 LRM_20181003_095718 LRM_20181003_095919 LRM_20181003_100018 LRM_20181003_100203 LRM_20181003_100538 LRM_20181003_100926