ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၄)ရက် (ကြာသပတေးနေ့)၊နံနက် (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဦးသန်း၊ ဒုတိယဥက္ကဋ္ဌ၊ ဦးဘိုးသန်းညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၉၂)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူး အဖြစ် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ၊ ဦးကျော်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆောင်ရွက်ပါသည်-
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်၊ မင်းတည်ရွာတွင် ကျေးရွာသူ/သားတချို့က စိတ်ဝေဒနာရှင်တစ်ဦးကို ကလေး ခိုးယူသည်ဟုစွပ်စွဲပြီး မီးရှို့သတ်ဖြတ်မှုနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ် ထိတ်လန့်မှုဖြစ်အောင် ကောလာဟလသတင်းဖြန့်ဝေသူ(သို့) အမုန်းစကား ဖြန့်ဝေသူ(သို့) အကြမ်းဖက်မှုများလှုံ့ဆော်သူများကို မည်ကဲ့သို့ စစ်ဆေး အရေးယူမည်၊ နောင်အလားတူကိစ္စမျိုး မဖြစ်ပွားအောင် မည်ကဲ့သို့ ကာကွယ်မှုများဖြင့် စီမံဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒနှင့်အညီ သစ်တောများကို အမှန်တကယ်ထိန်းသိမ်းနေကြသော နန်းတပ်ကျေးရွာအုပ်စုနှင့် နောင်ပူအင်းကျေးရွာအုပ်စုတွင် ပါဝင်သောရွာများမှ ဒေသခံအစုအဖွဲ့ပိုင် သစ်တောအဖြစ် လျှောက်ထားသည်မှာ ကြာမြင့်နေပြီး လျှောက်ထားသည့်ကာလကြန့်ကြာနေမှုအပေါ် မည်သည့်လိုအပ်ချက်များရှိနေသည်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးသန်းညွန့်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအနီး ဥရုမြစ်ကိုဖြတ်၍ ဆောက်လုပ်ထားသည့် ဥရု ကြိုးတံတား၏ဘယ်ဘက်ကမ်းမှာ ကမ်းပါးပြိုနေသဖြင့် ချဉ်းကပ်တံတား(ခ) ချဉ်းကပ်ခုံပျက်စီးနိုင်ပြီး ကြိုးတံတားတစ်ခုလုံး ပျက်စီးသွားနိုင်ပါသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကမ်းပြိုကာကွယ်မှု ကမ်းထိန်းနံရံအား အမြန် တည်ဆောက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးကျော်ရွှေ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တန့်ဆည်မြို့နယ်၊ဆင်ငယ်ကျေးရွာတွင် မီးလင်းရန်ကျန်ရှိနေသော အိမ်ထောင်စု(၁၄၃)စု မီးလင်းနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်ကဲ့သို့ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် လာမည့်ဘဏ္ဍာနှစ်မှစတင်ကာ ဆောင်ရွက်ခွင့်ရရှိထားသော မြေသားလမ်း၊ ဂျင်းလမ်း၊ ကျောက်ချောလမ်းများအား တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာမြို့နယ်ဌာနများ၏ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် ၎င်းလုပ်ငန်းများအားဆောင်ရွက်ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း” စပ်လျဉ်သည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။(၆) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဗန်းမောက် မြို့နယ်၊ ပင်ဟင်းခါး ရွှေကျောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ အတွင်းရှိ ကသာ-အင်းတော်-ဗန်းမောက်-မံစီ လမ်းပိုင်းနေရာအချို့ မိုးရေ တိုက်စားမှုကြောင့် အရှည်(၁၁၀၀)ရှိ မြေသားရေမြောင်း ပြိုကျမည့်ဘေးမှကင်းဝေးစေရန်အတွက် ကျောက်စီရေမြောင်းအဖြစ် စီမံဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(၇) ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးတို့မှ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်း၊ စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များအား မည်သို့မည်ပုံဆောင်ရွက်လျက်ရှိသည်ကို သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီမှ တင်သွင်းပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီမှ စိစစ်တင်ပြခဲ့သည့် ”စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးမှ ဆွေးနွေးခဲ့ပါသည်-
(၁) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)
(၂) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(ဂ) ဥပဒေအတည်ပြုခြင်းကဏ္ဍတွင်-
(၁) ”စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦး ဆွေးနွေးချက်များအပေါ် ဥပဒေပြုရေး ဆိုင်ရာကော်မတီမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
(၂) လွှတ်တော်ဥက္ကဋ္ဌမှ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ရှင်းလင်းချက်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်း၏ သဘောထားကို မေးမြန်းခဲ့ရာ လွှတ်တော်၏ အဆုံးအဖြတ် ရယူလိုကြောင်း တင်ပြလာသဖြင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ထ(၂)အရ မတ်တပ်ရပ်၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ မူလဥပဒေ (မူကြမ်း) အခန်း(၄)ပုဒ်မ(၅)၊ ပုဒ်မခွဲ(က)တွင် ပြဌာန်းထားသည့်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ မူလအတိုင်း ထားရှိခြင်းကို သဘောတူထောက်ခံသူ(၈၅)ဦး၊ သဘောမတူ ကန့်ကွက်သူ (၄)ဦး၊ ကြားနေ(၂)ဦးဖြစ်သဖြင့် သဘောတူထောက်ခံသူက ပိုများသည့်အတွက် မူလဥပဒေ(မူကြမ်း)ပါအတိုင်း အတည်ပြုကြောင်း ကြေညာပါသည်။
(၃) ဆက်လက်၍ မူလဥပဒေ(မူကြမ်း) အခန်း(၄)ပုဒ်မ(၆)တွင် ပြဌာန်းထားသည့်ကော်မတီ၏ သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းနှင့်အညီ ဖြစ်သည်ဟူသော စကားရပ်အစား ကော်မတီ၏သက်တမ်းကို (၅)နှစ်တစ်ကြိမ် အဖြစ် ပြောင်းလဲပြင်ဆင်ပေးရန် တင်ပြခြင်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေး ဆိုင်ရာကော်မတီမှ မူလဥပဒေ(မူကြမ်း)အတိုင်းသာထားရှိရန် တင်ပြလာမှု အပေါ် ဒေါက်တာကျော်သူဟန်ထွန်း၏ သဘောထားမေးမြန်ခဲ့းရာ လွှတ်တော်၏ အဆုံးအဖြတ် ရယူလိုကြောင်း တင်ပြလာသဖြင့် တိုင်းဒေသကြီးလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၃၁ထ(၂)အရ မတ်တပ်ရပ်၍ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ရာ မူလအတိုင်းထားရှိခြင်းကို သဘောတူ ထောက်ခံသူ(၈၇)ဦး၊ သဘောမတူ ကန့်ကွက်သူ(၃)ဦး၊ ကြားနေ(၁)ဦးဖြစ်သဖြင့် သဘောတူ ထောက်ခံသူက ပိုများသည့်အတွက် မူလဥပဒေ (မူကြမ်း)ပါအတိုင်း အတည် ပြုကြောင်း ကြေညာပါသည်။
(၄) ထို့နောက် ဦးမောင်မောင်ဝင်းမှ မူလဥပဒေ(မူကြမ်း) အခန်း (၁၃) ပုဒ်မ (၁၄၉)တွင် ပြဌာန်းထားသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံ ဟုဆိုသော စကားရပ်ကို ထပ်မံဖြည့်စွက်လိုကြောင်း တင်ပြ ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီမှ မူလဥပဒေ(မူကြမ်း) အတိုင်းသာထားရှိရန် တင်ပြလာမှုအပေါ် ဦးမောင်မောင်ဝင်း၏ သဘောထား မေးမြန်းရာ လွှတ်တော်၏အဆုံးအဖြတ် ရယူလိုကြောင်း တင်ပြလာသဖြင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ထ(၂)အရ မတ်တပ်ရပ်၍ ဆန္ဒ ပြုသည့်နည်းလမ်းဖြင့်ဆောင်ရွက်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံဟု ဆိုသောစကားကို ထပ်မံဖြည့်စွက်ခြင်းကို သဘောတူ ထောက်ခံသူ(၇)ဦး၊ သဘောမတူ ကန့်ကွက်သူ(၅၃)ဦး၊ ကြားနေ(၃၁)ဦး ဖြစ်သဖြင့် သဘောမတူ ကန့်ကွက်သူက ပိုများသည့်အတွက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံဟုဆိုသော စကားရပ် ထပ်မံဖြည့်စွက်ခြင်းကို လွှတ်တော်က အတည်မပြုကြောင်း ကြေညာပါသည်။
(၅) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီး လွှတ်တော်မှ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ထားသည့် ဥပဒေ ပုဒ်မ(၁)မှ ပုဒ်မ(၂၁၇)အထိ ပါဝင်သော စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကို တိုင်းဒေသကြီး လွှတ်တော် ဥပဒေအမှတ်(၆)ဖြင့် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၄)ရက် နေ့တွင် အတည်ပြု ပြဌာန်းလိုက်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကိုရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့)ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၅)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို(၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

LRM_20181004_100914 LRM_20181004_101636 LRM_20181004_102304 LRM_20181004_102736 LRM_20181004_103230 LRM_20181004_103536 LRM_20181004_113403 LRM_20181004_113431 LRM_20181004_113837 LRM_20181004_113843