ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒသမနေ့) ကျင်းပ

၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၈)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၈၉)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး၊ ဦးကျော်သူရမှ ဆောင်ရွက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင်အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မဏိပူရမြစ်ရေတိုက်စားခြင်းကြောင့် မြစ်ကမ်းဘေးရှိ အိမ်ထောင်စုများမှ မြောက်စည်းရွာ နယ်နိမိတ်အတွင်းရှိ ကျေးရွာဘုံမြေအတွင်းသို့ ပြောင်းရွှေ့နေထိုင်လိုကြောင်း တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ယင်းမာပင် မြို့နယ်၊ လာဘို့ရွာ အတုလမာန်အောင် မဟာသက်တော်ရှည်မြတ်စွာဘုရား၏ ဂန္ဓကုဋီကျောင်းဆောင်ကြီးနှင့် နတ္ထောင့်အရှေ့ရွာ ဗောဓိအောင်မြေ ကျောင်းတိုက်ရှိ အနန္တဂုဏ်ရည် ကျောင်းဆောင်ကြီးဆောက်လုပ်ရန် လိုအပ် နေသော သစ်များအတွက် ဖမ်းဆီးရမိ ပုံစံ(၈)ဝင်သစ်များ ဝယ်ယူခွင့်ပြု ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့တိုးချဲ့မြေအကွက်အမှတ်(၆)နှင့် (၇)တို့အားမည်သူပိုင်ဆိုင်သည် အဆိုပါမြေကွက်များသည် မြို့မြေချထားရေး ကော်မတီမှသတ်မှတ်ထားသည့် စည်းကမ်းများညီညွတ်မှု မရှိသဖြင့်အများနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် အသုံးပြုရန်အတွက် အစိုးရကစီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၏ အနောက်ဘက်ခြမ်းတွင်ရှိသော အင်းပေါက်ကျေးရွာအနီး မူးတိမ်အလယ် ချောင်းအားဖြတ်ပြီး တံတားအသစ်တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းမာပင်မြို့နယ်၊ စုန်းကျင်းအုပ်စု၊ စုန်းကျင်းရွာ၊ အုံတုံပင်ရွာအနီး အောင်ဇေယျမြို့သစ် စီမံကိန်းအမှတ်(၅/၆)ဖော်ထုတ်ခြင်းနှင့်အတူ ရဲတပ်ရင်းအမှတ်(၂၈) တည်ဆောက် ခြင်းကြောင့် မြေယာဆုံးရှုံးနစ်နာခဲ့ရသော တောင်သူများအတွက် အမြန် ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဒီပဲယင်းမြို့နယ်၊ တနယ်အုပ်စု၊ တနယ်ဆင်ရောက်ကုန်း၊ အ.လ.က(ခွဲ)ကျောင်းဆောင်သစ် ပြောင်းရွှေ့ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုသဘောထားနှင့် သက်ဆိုင်ရာဌာနက အကြောင်းကြားခဲ့သောစာပါ ပြောင်းရွှေ့ရန်နေရာ ကွဲလွဲခဲ့မှုအပေါ် ဖြေရှင်းပေးရန်နှင့် ပြောင်းရွှေ့သွား၍ကျန်နေသည့် ကျောင်းမြေနေရာအား ဒေသခံများအတွက် မည်သို့ပြန်လည်အသုံးချမည်ကို
သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးနှင့် ညှိနှိုင်းဆွေးနွေးပြေလည် ပြီးပြတ်သွားပြီဖြစ်သည့်အတွက် မေးမြန်းခြင်းမပြုတော့ ပါကြောင်း တင်ပြခဲ့ပါသည်။
(၇) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝန်းသို-မဲဇာ လမ်းပိုင်းပေါ်သို့ သွားလာနေကြသော ပြည်သူများအတွက် သွားလာမှု လွယ်ကူစေရန်အတွက် လိုအပ်နေသည့် တံတားနှစ်စင်းအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ဘုရားသို့ ဘုရားဖူးခရီး သည်များ အချိန်မီသွားရောက်နိုင်ရန်အတွက် ယာဉ်လိုင်းအသစ် ထပ်မံ တိုးချဲ့ပြေးဆွဲစေရေး ညွှန်ကြားဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးနှင့် ညှိနှိုင်းဆွေးနွေးပြီးပြတ်သွားပြီဖြစ်သည့်အတွက် မေးမြန်းခြင်းမပြုတော့ပါကြောင်း တင်ပြခဲ့ပါသည်။
(၉) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ်၊ ခါဝဲကျေးရွာ၏ မြစ်ကမ်းပါးပြိုဆင်းသည့်နေရာများတွင် ခိုင်ခန့်သော ကျောက်စီကမ်းထိန်းနံရံများ တည်ဆောက်ပေးနိုင်ရန်အတွက် အနီးစပ်ဆုံး ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဘတ်ဂျက်တွင်ပါဝင်ခဲ့သော ဒီပဲယင်းမြို့နယ်၊ မူးရိုးကုန်းကျေးရွာ ရေထိန်းနံရံလက်ရန်းများ အပြီးသတ်ဆောင်ရွက်ပေး ရန်နှင့် နေအိမ်များနှင့် တစ်ဆက်တည်းကျန်ရှိခဲ့သော အထက်ပိုင်း၊ အောက်ပိုင်း ခန့်မှန်းခြေ ပေ(၅ဝဝ)ခန့်ကို ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အတည်ပြုခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီတွင် ကြည်း ၅၀၁၇၂ ဗိုလ်ကြီးရန်မျိုးအောင်အား အဖွဲ့ဝင်အဖြစ် ထပ်မံတိုးမြှင့်ဖွဲ့စည်း ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း
ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏ သဘောထား ရယူကာ အောက်ပါတို့ကို မှတ်တမ်းတင်ကြောင်း ကြေညာပါသည်-
(၁) ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ယင်းမာပင်ခရိုင်၊ မြို့နယ်များအတွင်း ကွင်းဆင်း စိစစ်မှုအခြေအနေ တင်ပြချက် အစီရင်ခံစာ”
(၂) ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”စက်မှု၊ လက်မှု၊ စွမ်းအင် နှင့်လျှပ်စစ်ဆိုင်ရာကော်မတီမှ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်ပေးစက်ရုံသို့ သွားရောက် လေ့လာခဲ့သည့် ခရီးစဉ်အစီရင်ခံစာ”
(၃) ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ မုံရွာခရိုင်၊ မြို့နယ် များအတွင်း ကွင်းဆင်းစိစစ်မှုအခြေအနေ တင်ပြချက် အစီရင်ခံစာ”
(ဃ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဦးမြင့်ဦးမှ ”စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်း ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(င) ဆုံးဖြတ်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်း ဥပဒေ(မူကြမ်း)” နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက လက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းပေးအပ်ကြောင်းကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ရပ်နားကြောင်းနှင့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို(၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

LRM_20181008_100217 LRM_20181008_100707 LRM_20181008_100846