ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

၁။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်-
(က) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့်လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ တင်ပြချက်အရ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၄)ဦးတက်ရောက်သဖြင့် (၉၄)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

(ခ) ကတိသစ္စာမပြုရသေးသော တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရိုထန်းပွီးယာနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကြည်း-၃၄၇၈၇ ဗိုလ်မှူးစိုးဝင်းမြင့်တို့သည်၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

(ဂ) ဝမ်းနည်းကြောင်းမှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (ကြည်း-၂၁၀၅၇) ဗိုလ်မှူးဖုန်းမြင့်နိုင်သည် (၁၈-၁၀-၂၀၁၈)ရက်၊ ည(၇:၀၀)နာရီ အချိန်ခန့်တွင် နေအိမ်၌ ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်း၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်သည် (၃၀-၁၁-၂၀၁၈)ရက်၊ နံနက်(၁၀:၁၅)နာရီအချိန်ခန့်တွင် နေအိမ်၌ ရုတ်တရက် ကွယ်လွန်သွားခဲ့ကြသဖြင့် ၎င်းတို့(၂)ဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ (၁)မိနစ်ခန့် ငြိမ်သက်စွာ ဆုတောင်းပေးပြီး လွှတ်တော်၏ သဘောထားရယူကာ ဝမ်းနည်းကြောင်းကို လွှတ်တော်၌ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
(ဃ) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဒီပဲယင်းမြို့နယ် စိုက်ပျိုးစရိတ် ချေးငွေကြွေးကျန်နှင့်ပတ်သက်၍ ချေးယူငွေအပေါ် အတိုးနှုန်း ပြောင်းလဲထားသည့်အတွက် ပွင့်လင်းမြင်သာသော အချက်များပါဝင်သည့် ဗီနိုင်းများ ရုံးတွင်ချိတ်ဆွဲထားခြင်း၊ ချေးငွေစာအုပ်ပါစာတိုင် ခေါင်းစဉ် အောက်၌ တောင်သူများရှင်းလင်းစွာသိရှိအောင် ရေးသွင်းခြင်းများပြုလုပ် ပေးရေး ညွန်ကြားပေးရန်နှင့် ချေးငွေကြွေးကျန်များ ပြန်လည်ရရှိအောင် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါက်တာသိန်းနိုင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ဆားလင်းကြီးမြို့နယ်၊ ကျောက်ဖြူတိုင်ကျေးရွာရှိ ကိုယ်ထူကိုယ်ထဖွံ့ဖြိုးရေး ဆည်ကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် ပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းတော ကျေးရွာရှိ ထုတ်ချောင်း၊ ကံသာနှင့်တံတားဦးကြားရှိ ရေဆိုးချောင်းများအား ၂၀၁၈/၂၀၁၉ဘဏ္ဍာရေးနှစ် ပိုလျှံဘတ်ဂျက်ဖြင့် တူးဖော်ပေးနိုင်ပါရန်နှင့် မင်းသားကန်၏ မြောက်ဖက်တွင်ရှိသော ဦးကျားကြီးရေဆိုးချောင်းနှင့် ဆက်စပ်နေသော တိမ်ကောနေသည့် (၃)မိုင် (၂)ဖာလုံခန့်ရှိ ရေဆိုးချောင်း ကိုလည်း အချိန်မီတူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ကလေးခရိုင်၊ တမူးခရိုင်နှင့် မော်လိုက်ခရိုင်တို့မှ ကုန်စည်နှင့် ခရီးသည်များစုန်ဆန်ဖြတ်သန်းသွားလာရာတွင် ကနီ-မင်းကင်း တောင်တွင်းချောင် လမ်းပေါ်ရှိ အဓိကအရေးကြီးသည့် ပုထိုးလုံးတံတားကြီးပြီးစီးအောင် တည်ဆောက်ရေးအတွက် လိုအပ်သောစီမံကိန်း ရန်ပုံငွေချထားပေးရန် အစီ အစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “မြောင်မြို့နယ်၊ ပရိမ္မ-ကျောက်တန်း-ရွှေတချောင်း-နနွင်းကိုင်း-ဆူးလေကုန်း-မြစ်သာလမ်း အရှည်(၆/၄)မိုင်အနက် ဆောင်ရွက်ရန်ကျန်နေသော (၂/၆) မိုင်နှင့် ၎င်းလမ်းပေါ်တွင်တည်ဆောက်ရန်လိုအပ်သော ရေကျော်/တံတားများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင် မြို့နယ်အတွင်းရှိ ဘိုင်းလယ်-ပါဟဲ-နန်းခမ်း-တွန်နိမ်လမ်း (၄)မိုင်ကျော်အား တောင်ဖြိုခြင်း၊ မြေသားတာဘောင်တင်ခြင်းနှင့်ဂျင်းခင်းခြင်း ဆောင်ရွက်ပေး ရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ဟုမ္မလင်းမြို့ရှိ ဌာနဆိုင်ရာရုံးများ၊ အချုပ်သားများ၊ အရေးကြီးသည့်လက်နက်ခဲယမ်းများ၊ ဘဏ်မှငွေများနှင့် မြို့မစျေးအတွက် အန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ်ရန် အနောက်တာရိုးလမ်းအား (၂၅၅ဝ’×၁၆’×၆”) ကွန်ကရစ်လမ်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့ဝင်ကြေးကောက်ခံသည့်(၁၀)မြို့နယ်၌ မြို့ဝင်ကြေး ကောက်ခံ ခြင်းကို စည်ပင်သာယာဝန်ထမ်းများအား တာဝန်ပေးအပ်ခြင်း (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်)အသင်းအဖွဲ့ကို လေလံတင်ရောင်းချခြင်းတို့ကို မည်သို့ စီမံခန့်ခွဲခွင့်ပြုထားသည်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး များမှ လိုင်စင်သက်တမ်းအတိုင်းကောက်ခံရရှိသည့် ဘီးခွန်ငွေစုစုပေါင်းကို ကော်မတီများသို့ ငွေသားခွဲဝေခြင်းသည် မည်သည့်စံနှုန်းကို အခြေခံပြီး ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့၊ မြို့ဝင် ကြိုဆိုရေးမုခ်ဦးမှ အဝေးပြေးလမ်းမကြီးသို့ တိုက်ရိုက်ဆက်သွယ်မောင်းနှင် သွားလာနိုင်သော (စက်မှုဇုံရှောင်ကွင်းလမ်း)အရှည်(၁)မိုင် (၃.၅)ဖာလုံရှိလမ်းကို လမ်းသားမြှင့်တင်ခြင်း၊ လမ်းပုခုံးသားချဲ့၍ လမ်းအကျယ် အဆင့်မှီအဝေးပြေး လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက် (အင်္ဂါနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၁၁:၂၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

website1 website002 website003