ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ဆက်လက်ကျင်းပ

၁။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးသို့တက်ရောင်းသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၉၃)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “မော်လိုက်မြို့နယ် အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် မူးယစ်ဆေးသုံးစွဲမှု ထူပြော များပြားလျက်ရှိနေခြင်းကို ပြည်သူလူထုအဖွဲ့အစည်းများ၏ အကူအညီကို ရယူ၍ မြန်ဆန်ထိရောက်သောနည်းလမ်းဖြင့် ပြတ်သားစွာနှိမ်နင်းအရေးယူ ခြင်းကို စီမံချက်ချမှတ်လုပ်ဆောင်သွားရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၂) ဦးကျော်ရွှေ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ရွေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အတွင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် မှုခင်းကျဆင်းရေးတို့အား လက်ရှိအနေအထားထက် ပိုမို ဆောင်ရွက်နိုင်ရန်အတွက် စိန်းနန်းကျေးရွာတွင် လိုအပ်နေသော နယ်မြေရဲကင်း/ ရဲစခန်းအသစ်တစ်ခုဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”ခင်ဦးမြို့နယ် အတွင်း ကျေးရွာပေါင်း(၂၃)ရွာရှိတောင်သူများအတွက် ရေနက်တွင်းများ တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ် တောင်ပိုင်းရှိ ရေကြီးရေလျှံမှုကြောင့် ပျက်စီးနေသော ပန်းမွန်ချောင်း ကိုယ်ထူကိုယ်ထဆည်အား စနစ်တကျ ပြန်လည်ပြုပြင်နိုင်ရန်အတွက် အနီးဆုံးဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်ရှိ ရွာသာအေးကျေးရွာတွင် (၄ဝဝ)ဗို့လိုင်း ဆွဲပြီးဖြစ်သော်လည်း ယနေ့ထိမီးမရရှိသေးသဖြင့် အမြန်ဆုံး မီးလင်းနိုင်ရေး အတွက် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “မြောင်မြို့နယ်ရှိ ဖွားစော-ဇရပ်ကုန်း မြေသားလမ်း(၅/ဝ)မိုင်အား မြေသား (၂’)ထုတင်ပြီး ဂျင်းမြေ(၄”)ထု ခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်တွင် တည်ဆောက်ရန်လိုအပ်နေသော ရေကျော်တံတားများအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏” ကောလင်းမြို့နယ်၊ ဆင်ကောင်းအုပ်စု၊ ဆင်ကောင်းကျေးရွာအား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်အတန်းမြင့်မားလာစေရန်အတွက် လိုအပ်နေသော လျှပ်စစ်မီးကို ကန့်ဘလူမြို့နယ်၊ သင်တောအုပ်စု၊ အလယ်ခုံကျေးရွာမှ လျှပ်စစ်မီးသွယ်တန်း ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၈) ဦးမောင်မောင်လတ်၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏” ဖောင်းပြင် မြို့နယ်အတွင်းရှိ မော်လိုက်ကုန်း- ဇီးကုန်းလမ်း(၂)မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် တောင်ဖြိုခြင်း၊ မြေသားတာဘောင်တင်ခြင်းနှင့် ဂျင်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးပြီး (၁၂)ရာသီသွားလာနိုင်သောလမ်း အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်
မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”ဝက်လက် မြို့နယ် အရှေ့ရွှေကျင်ကျေးရွာ၏မြောက် (၃)ဖာလုံခန့်အကွာတွင် (၃)ဧကခန့် ကျယ်ဝန်းသော တဖက်ပိတ်သောက်ရေကန် တိမ်ကောလာမှုအပေါ် ပြန်လည် တူးဖော်ပေးရန်နှင့် ကန်သို့သွားရာ (၃)ဖာလုံခန့်လမ်းကိုလည်း ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ဗန်းမောက် မြို့နယ်၊ နန့်မားကျေးရွာအုပ်စု၊ နန့်မားကျေးရွာအတွက် လိုအပ်နေသော စိမ့်စမ်းရေသွယ်တန်းခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ”၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ”နှင့် စပ်လျဉ်း၍ အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဂ) ဆက်လက်၍ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှတင်သွင်းသည့် ”၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ” နှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်၊ (ဗုဒ္ဓဟူးနေ့)မှာ ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ”၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းနှင့် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲခြင်း” တို့နှင့် စပ်လျဉ်း၍ အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(င) ထို့နောက် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးတင်သွင်းသည့် ”၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ လွှဲပြောင်း သုံးစွဲခြင်း”တို့နှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်၊ (တနင်္လာနေ့)မှာ ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက် (ဗုဒ္ဓဟူးနေ့)
နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၁:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။