ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ် အမှတ်(၂)၊ မုံရွာမြို့နယ်မှ တင်သွင်းသည့် အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးခြင်း

ထောက်ခံသူအမည်          − ဦးထွန်းထွန်းဝင်း

မဲဆန္ဒနယ်အမှတ်             − အမှတ်( ၂ )၊ ကနီမြို့နယ်

တိုင်းဒေသကြီး               − စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီ            − အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ထောက်ခံသည့်အရေအတွက် − (၁) ခု

တင်သွင်းသည့်နေ့ရက်     − ၁၀ − ၈ − ၂၀၁၆

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ခင်ဗျား ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မြေ၊ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ မုံရွာမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည် ရဲ့ ဇေယျာရွှေမြေအသင်းက ငှားရမ်းထားတဲ့ အားကစားကွင်းအား တိုင်းအားကစားကွင်းအဖြစ်လွှဲပြောင်းရယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား

ဇေယျာရွှေမြေ အသင်းရဲ့ ဘောလုံးငှားရမ်းစာချုပ်ပါအပိုင်း(၁)မှာ မြန်မာအားကစားအဆင့်အတန်းမြင့်မားစေရန်လို့ပါ ရှိပါသည်။ ဇေယျာရွှေမြေဘောလုံးကလပ်အသင်းရဲ့ အားကစားအဆင့်ကိုကြည့်လိုက်မယ်ဆိုရင် (၂ဝ၁၄) ခုနှစ်မှာ အဆင့်(၈)သာရှိပြီး၊ (၂ဝ၁၆)မှာအဆင့်(၄)သာရှိတာကိုတွေ့ရှိရပါသည်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား

ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အားကစားသမားများဟာ မြန်မာ့လက်ရွေးစင်၊ ဧရာဝတီကလပ်၊ အဲပုဂံ (Air Bagan)၊ မနောမြေ၊ ဇွဲကပင်၊ ရက္ခပူရ၊ ရှမ်း၊ ဆောက်သမ်းမြန်မာ၊ I.S.P.E(A)၊ အားကာသိပ္ပံ၊ ရတနာပုံ၊ G.F.A၊ ချင်းယူနိုက်တက်၊ K.B.Z၊ နေပြည်တော်၊ Hori Zon၊ မြန်မာလူငယ်စသည့်အသင်း တွေမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အားကစားသမားတွေရဲ့အဆင့်အတန်းဟာ မနိမ့်ဘူးဆိုတာ တွေ့ရပါမည်။ သို့ပါသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အားကစားသမား(၄)ဦးသာအသုံးပြု ထားတာတွေ့ရပါသည်။ တစ်ချိန်က ပြည်သူ့အားကစားကွင်းကြီးမှာ ရပ်ကွက်ကျေးရွာအုပ်စုဘောလုံးပြိုင် ပွဲများခြိမ့်ခြိမ့်သဲစည်ကားနေတာတွေ့ရပေမည့် ယခုအခါ ကလပ်အသင်းပြိုင်ပွဲများသော်မှ ယခင်ကရပ်ကျေးပြိုင်ပွဲများလောက် လူထုစိတ်ဝင်စားမှုအားနည်းသွားတာကို တွေ့ရပါသည်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား ယခုအခါ ဇေယျာ ရွှေမြေကလပ်အသင်းက ငှားရမ်းထားသော အားကစားကွင်းအတွင်းမှာ အားကစားပြိုင်ပွဲများထက် စျေးရောင်းပွဲတော်များ၊ စတိက်ရှိုးပွဲများ၊ ဇာတ်ပွဲများပိုမိုကျင်းပလျက်ရှိပြီး ရရှိလာသောအမြတ်အစွန်းများမှာ လည်း မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူအဖြစ်ရရှိသည်ဟု မကြားသိခဲ့ရပါ။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား ဇေယျာရွှေမြေ ကလပ် ငှားရမ်းထားတဲ့ အားကစားကွင်းမှာ မုံရွာအပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကလပ်ဆိုတာရှိပါသည်။ ယခင်က(၂၅)မီတာအကွာအဝေးကနေ လေ့ကျင့်ခွင့်ရရှိခဲ့ပါသည်။ ယခုအခါ မလေးရှားအစားအသောက် ဆိုင်ဖွင့်ခွင့်ပြုထားပြီး (၁ဝ)မီတာခန့်အားကစားကွင်းအတွင်းကျူးကျော်ကာ အရက်၊ ဘီယာ၊ စားသောက် ဆိုင်များတိုးချဲ့ထားသောကြောင့် အားကစားသမားများမှာ (၁၅)မီတာခန့်ကသာ လေ့ကျင့်ခွင့်ရခဲ့ပါသည်။ မုံရွာအပြည်ပြည်ဆိုင်ရာသေနတ်ပစ်ကလပ်ဟာ လောက်ကိုင်ပြဿနာကြုံခဲ့စဉ်ကလည်း နိုင်ငံတော်ကို ကာကွယ်ဖို့ လက်မှတ်ထိုးထားသော တစ်ခုတည်းသောအားကစားအဖွဲ့အစည်းဖြစ်ပါသည်။ ဒီလိုပြည်သူ့ အားကစားကွင်းကို ကိုယ်ကျိုးစီးပွားအတွက် သတ်မှတ်ထားသော စံအတိုင်းမဟုတ်ဘဲ ပွဲဖြစ်ရုံသာခွင့်ပြု ထားသောကြောင့် အားကစားသမားများပေါ်ထွက်ဖို့ရန် အခက်အခဲများရှိနေပါသည်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား

ဇေယျာရွှေမြေ ကလပ်အသင်းဟာ နှစ်(၃ဝ)စာချုပ်ဖြင့် ငှားရမ်းထားသောအားကစားကွင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့အားကစားကွင်းအဖြစ် စာချုပ်ပါအချက်အလက်များနှင့် ကိုက်ညီမှုမရှိပါသဖြင့် မုံရွာမြို့နယ် ဒေါ်အောင်ကြည်၊ အမှတ်(၂)မဲဆန္ဒနယ်မြေ၏ အဆိုကို အလေးအနက်ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

ဦးထွန်းထွန်းဝင်း