ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ဆက်လက်ကျင်းပ

၁။ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါ အတိုင်းကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း (၁၀၀)ဦးအနက် (၈၀)ဦးတက်ရောက်သဖြင့် (၈၀)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ခဲ့ပါသည်။

(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-

(၁) ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေးတွင် ကျေးရွာအုပ်စုခွဲ ပြင်ဆင်ဖွဲ့စည်းပေးရန် ကတိကဝတ်ရရှိထားသည့် ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအုပ်စုအား အုပ်စုခွဲပြင်ဆင်ဖွဲ့စည်းပေးမည့်ကိစ္စ မည်သည့်အခြေအနေတွင် ရောက်ရှိနေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပြည်သူလူထု အကျိုးအတွက် ဂုဏ်သိက္ခာရှိရှိဆောင်ရွက်နိုင်ရန် ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးများ သီးသန့်မြေနေရာနှင့် ရုံးများ မရှိသေးသော နေရာများတွင် ရုံးများဆောက်လုပ်နိုင်ရန်အတွက် ငွေကြေးနှင့် မြေနေရာများရရှိနိုင်ရေးကို ဦးစီးဌာနတစ်ခု၏ ဘဏ္ဍာရေး ရန်ပုံငွေတွင်ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၃) ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ မြို့ပေါ်(၄)ရပ်ကွက် မြေ(၄၉၄)ဧကအား မြို့မြေအဖြစ် စနစ်တကျ အသေးစိတ် ပြန်လည်တိုင်းတာပေးရန်နှင့် မြို့မြေအချို့အား မြေအမျိုးအစား ပြောင်းလဲပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဝက်လက်မြို့နယ်ရှိ ”တည်တော-ဥယျာဉ်သာ “လမ်းပိုင်း(၁)မိုင်၊ (၅)ဖာလုံကို အထွေထွေပိုလျှံရန်ပုံငွေမှလည်းကောင်း၊ သက်ဆိုင်ရာ ဌာန၏ တင်ဒါပိုလျှံငွေမှလည်းကောင်း ကျောက်ချောလမ်း(သို့မဟုတ်) ဂျင်းကျောက်လမ်းအဖြစ် ပြန်လည်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၅) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ်ရှိ ဇီးချောင်းတစ်ဖက်ကမ်းရှိ ကျေးရွာ(၈)ရွာ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်နေသော ဇီးချောင်းတံတားအား အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၆) ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့သို့ 66KVA မဟာဓာတ်အားလိုင်း မည်သည့်ဘဏ္ဍာနှစ်တွင် ရောက်ရှိမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကန့်ဘလူမြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံမှ ကာလတိုလျှပ်စစ်ကျွမ်းကျင်သင်တန်းများကို သတ်မှတ်သင်တန်းသား ဦးရေထက် ပိုမိုလေ့ကျင့်ပေးနိုင်ရေးအတွက် ကုန်ဆုံးလွယ်ပစ္စည်းများ (Comsumeable meterials) ပိုမို ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ” ဒီပဲယင်းမြို့နယ်ရှိ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံအား ကုတင်(၅၀) ဆံ့ အဖြစ် အဆင့်တိုးမြှင့် ပေးနိုင်ရေးအတွက် အဆင့်ဆင့်ထောက်ခံ တင်ပြပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၉) ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ချောင်းဦးမြို့နယ်၊ဝယာအုပ်စု၊ ယာကြီးကျေးရွာရှိ အခြေခံမူလတန်း ကျောင်းတွင် စာသင်ခန်းနှင့် ကျောင်းဆောင်မလုံလောက်သည့်အတွက် (၆၀×၃၀×၁၂)ပေ RC တစ်ထပ်ကျောင်းဆောင်အား အမြန် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၁၀) ဦးခင်မောင်ထွန်း၊ဖောင်းပြင်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် လစ်လပ်နေသော ကျောင်းအုပ်များအား ၂ဝ၁၉-၂ဝ၂ဝ ပညာသင် နှစ်တွင် ဖြည့်တင်းခန့်ထားပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၁) ဦးကျော်လင်း၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကျွန်းလှမြို့နှင့် မီးရထားဘူတာ၊ ရထားသံလမ်းသာခြားနေသော ရှမ်းစုတပ်ကုန်းကျေးရွာတွင် အစိုးရအသိအမှတ်ပြု စာသင်ကျောင်း ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(စတုတ္ထနေ့က) တင်သွင်းခဲ့သည့် ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ၂၀၁၈ခုနှစ်၊ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်း တင်ကြောင်း ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့မှ(၁၉)ရက်နေ့အထိ ဟုမ္မလင်းမြို့နယ်၌ နယ်မြေ ကွင်းဆင်းမှု အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာကျော်သူဟန်ထွန်း က လွှတ်တော်တွင် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်း တင်ကြောင်း ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(သတ္တမနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို (၁၁:၃၀)နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။