ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ဆက်လက်ကျင်းပ

၁။ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယ အကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၄)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဒေါ်သင်းသင်းကြူ၊ ခင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာအုပ်စုအတွင်း ပလူချောင်းနှင့် ပေါက်ရင်းချောင်းဆုံရာအနီး၌ ”အဖွင့်အပိတ်ပြုလုပ်နိုင်သော ရေဟန့်တစ်ခု”အား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံမှ ရှင်းလင်
းဖြေကြားခဲ့ပါသည်။
(၂) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာမြို့နယ်၊ ကျောက်ပုံကျေးရွာအနီး၌ ကျောက်တစ်လုံးဆည် တည်ဆောက်ခြင်း စီမံကိန်းအား (၂ဝ၁၉-၂ဝ၂ဝ)ဘဏ္ဍာရန်ပုံငွေတွင် ဦးစားပေးထည့်သွင်း လျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးမြင့်နိုင်ဦး၊ တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တမူးမြို့၊ ဈေးတန်း(၂) ရပ်ကွက်အတွင်းရှိ တူးမြောင်းအလျား ပေ(၆၀၀)အား မိုးရာသီ မြို့ရေ ပိတ်ဆို့မှုမဖြစ်စေရေးအတွက် ကျောက်စီနံရံကာရံခြင်းကို အချိန်မီဆောင်ရွက် ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချင်းတွင်းမြစ် ရေဘေးကာကွယ်ရေးတာတမံပေတိုင်အမှတ် (၅၅၆၅၀)တွင်ရှိသော ကြောင်ဝပ်ကြီး ရေသွင်းမြောင်းတွင် သဲနှုန်းများဖြင့်တိမ်ကောလာသောကြောင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တောင်သူများ လက်ဝယ်တွင်ရှိသော လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)နှင့်ပူးတွဲလျက် ပုံစံ(၁၀၅)မရသေးသော တောင်သူများအတွက် ပုံစံ(၁၀၅)ရရှိရေး မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တောင်ဘိုလရွာနှင့်အောက်မှန်ကင်းကျေးရွာ၊ ရွာချင်းဆက်လမ်း(၅/ဝ)မိုင်အား မြေသားလမ်း၊ ပရစ်ဖာနိုင်းလမ်းခွဲမှ အောက်မှန်ကင်းအထိ Box Culvert (၁၅)ခုနှင့် သံကူကွန်ကရစ်တံတား(၃)စင်းတို့ကို ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့မှ သစ်ဝယ်ယူတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးအား အရာတော်မြို့နယ်အတွင်း ဖမ်းဆီးရာ၌ ယာဉ်မောင်းသူမှ သစ်ဆိုင်ဘောက်ချာပြသသော်လည်း သက်သေအဖြစ်မှ ဖျောက်ဖျက်ကာ ယာဉ်မောင်းသူအား လက်ထိပ်ခတ်လျက် ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်မှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ညီညွတ်မှုရှိ/မရှိ သိရှိ
လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ”ရွှေဘိုပေါ်ဆန်းစပါးမျိုးစေ့ များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝယ်ယူ၍ တောင်သူများထံ ဖြန့်ချီရောင်းချ ပေးရန်” အဆိုအား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ ထောက်ခံဆွေးနွေးခဲ့ပါသည်။
(ဂ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသည့် ”ရွှေဘိုပေါ်ဆန်းစပါးမျိုးစေ့များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှဝယ်ယူ၍ တောင်သူများထံ ဖြန့်ချီရောင်းချပေးရန် ” အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါသည်။
(ဃ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(တတိယနေ့)က လွှတ်တော်ဒုတိယဥက္ကဋ္ဌတင်သွင်းခဲ့သည့် ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ၂၀၁၈ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု တတိယအကြိမ် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊
မဲဆန္ဒနယ်အမှတ်(၂)မှ ဆွေးနွေးခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်းကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (နဝမနေ့)ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို (၁၁:၁၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။