ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦး အနက် (၈၇)ဦး တက်ရောက်သဖြင့် (၈၇)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ထားသော 800 KVA မီးစက်အတွက်စက်သုံးဆီခွဲတမ်းမရရှိသဖြင့် လိုအပ်သောစက်သုံးဆီအား မည်သည့်အချိန်ကာလမှစ၍ ခွင့်ပြုပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးမြင့်ဦး၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တန့်ဆည်-ကာဘိုးလမ်းပေါ်ရှိ သစ်သားတံတား(၃)စင်းအား ကြံ့ခိုင်မှုပိုမိုကောင်းမွန်သည့် ကွန်ကရစ်တံတားများအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်း မြို့နယ်၊ မင်းစားကျေးရွာအုပ်စု အံ့စရာရွာမှ အင်းကြင်းတောင်ကျေးရွာအုပ်စု တုမရရွာသို့ ဆက်သွယ်ထားသော တုမရ-မအိုးကိုင်း-အံ့စရာလမ်းတွင် လိုအပ် သောရေပြွန်(သို့) Box Culvert များ ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခန္တီးမြို့၊ သာစည်ရပ်ကွက်တွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့်ပြိုကျသွားသော အလျားပေ(၆ဝဝ)ခန့် မြစ်ကမ်းပါးနေရာအတွက် ကမ်းပါးထိန်းနံရံအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်း- မုံရွာလမ်းမကြီး မြောင်လမ်းခွဲမှ မြောင်မြို့နယ်တွင်းအထိ နေ့စဉ် ယာဉ်စီးရေ (၁ဝဝ)နီးပါး သွားလာနေသည့် အရှည်(၆)မိုင်၊ (၄)ဖာလုံ၊ အကျယ်(၁၂’) ကတ္တရာလမ်းသည် လမ်းကွေ့ပေါင်း(၅၀)ရှိနေပြီး အမာခံလမ်းပခုံးနိမ့်ကျ နေခြင်း၊ လမ်းကျဉ်း၍ အန္တရာယ်ရှိသည့်အပြင် ခရီးတွင်ကျယ်မှု မရှိခြင်း တို့ကြောင့် သွားလာမှုအဆင်ပြေရေး မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ဖော်ပြပါမေးခွန်း(၂)ခုနှင့်ပတ်သက်၍ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)”ဗန်းမောက်မြို့နယ်ရှိ ဣစ္ဆာသယ ဇလုံတောင်တော်ဘုရားသို့ လာရောက်သည့် ဘုရားဖူးဧည့်သည်များ ဖုန်းဆက်သွယ်ရေး
ခက်ခဲနေသဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPTမှ တာဝါတိုင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(ခခ) “အင်းတော်နှင့် ဗန်းမောက်သို့ဆက်သွယ်ထားသည့် အရှည် (၂၈)မိုင် အကျယ်(၁၂)ပေလမ်းသည် ကျဉ်းမြောင်းနေမှုကြောင့် လမ်းတစ်ဖက်လျှင် ကတ္တရာလမ်း(၃)ပေစီ ထပ်မံတိုးချဲ့ခြင်းကို
အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၇) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာမြို့ရှိ အဓိကလမ်းမဖြစ်သော ပြည်ထောင်စုအမှတ်(၁)လမ်းအား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(ခ) လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ကြည်း- ၃၁၂၆၁ ဗိုလ်မှူးဘရီအား လွှတ်တော်ကိုယ်စားလှယ် များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှ ဥပဒေပြုရေးဆိုင်ရာ ကော်မတီသို့ ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် ကြည်း-၄၆၃၁၂ ဗိုလ်ကြီးသက်ဇော်လင်းအား လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီတွင် ထည့်သွင်းဖွဲ့စည်းတာဝန်ပေးအပ်ခြင်းတို့ကို လွှတ်တော်၏သဘောထား ရယူကာ အတည်ပြုကြောင်း ကြေညာပါသည်။
(ဂ) ဆက်လက်၍ ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရအသုံး ငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်အတွက်တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်တွင် တင်ပြခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည် စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဦးကျော်ရွှေ၊ တန့်ဆည်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ”စစ်ကိုင်းတိုင်းဒေသကြီး ကုသိုလ်ဖြစ် ဆေးရုံ၊ ဆေးခန်းများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများဆိုင်ရာ ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့ တင်သွင်းခဲ့ ပါသည်။
(င)ဆုံးဖြတ်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီမှ တင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီး ကုသိုလ်ဖြစ်ဆေးရုံ၊ ဆေးခန်းများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏
အဆုံးအဖြတ် ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက လက်ခံဆွေးနွေးရန် သဘောတူသည့်အတွက် ဥပဒေ(မူကြမ်း)ကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆(ခ)(၃)အရ ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းပေးအပ်ကြောင်း ကြေညာပါသည်။
(စ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် (ကြာသပတေးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို(၁၁:၁၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။