ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉ခုနှစ်၊ မတ်လ(၁)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၆)ဦး တက်ရောက်သဖြင့် (၈၆)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စည်ပင်သာယာလုပ်ငန်းလိုင်စင် သက်တမ်းတိုးပြုလုပ်ရာတွင် အခွန်ထမ်းပြည်သူက ငွေအကြေပေးသွင်းပြီးကြောင်း ငွေလက်ခံ ဖြတ်ပိုင်းများနှင့် တင်ပြသော်လည်း အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက် မထုတ်ပေးဘဲ ငွေထပ်မံ ပေးသွင်းခိုင်းမှုကြောင့် အခွန်ထမ်းပြည်သူများ နစ်နာမှုမရှိစေရေးအတွက် တာဝန်ရှိသူများကို မည်သို့ညွှန်ကြားကြီးကြပ်
မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးထွန်းထွန်းဝင်း၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကနီမြို့နယ်၊ ဝင်မနားအုပ်စု၊ ထောက်ကြံ့အိုင်ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုးဖြင့် နှစ်စဉ် ရေကာတာ တည်ဆောက်သော်လည်း ပျက်စီးမှုများဖြစ်နေပါသဖြင့် ခိုင်ခံ့ ကောင်းမွန်သော ရေကာတာတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ထီးချိုင့်မြို့နယ်ရှိ အင်ဒေါင်း-ဗျူဟာဆက်လမ်းပိုင်း၏ ကျန်ရှိနေသည့် (၁)မိုင်(၂)ဖာလုံအား ကျောက်ချောလမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ယင်းမာပင် မြို့နယ်၊ အိုးဘိုကျေးရွာနှင့် ကျောက်ပြုတ်ကျေးရွာတို့တွင် ဓာတ်အားရရှိရေး 11KV သွယ်တန်းပေးရန်နှင့် လိုအပ်သောထရန်စဖော်မာများ ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးတင်စိုး၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”ကောလင်းမြို့နယ်၊ အနောက်ဘက်ခြမ်းတောင်ကြားကျေးရွာရှိ တောင်ကြား-မိုးနှံ-ဥက္ကံလမ်းပိုင်း(၃/၆)မိုင်အား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ညောင်ကိုင်း-မင်းပေး ကျေးရွာချင်းဆက်လမ်း ပေါ်ရှိ မူးတိမ်ချောင်းကူးတံတား ရေလည်တိုင်ရေတိုက်စား၍ အောက်ခြေ ပြတ်နေမှုကြောင့် အရေးပေါ်ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”လာဘို့- မင်းကင်းလမ်း km(၃၉.၄)နှင့် (၄၁)အကြားတွင် MPA ကွန်ကရစ် ထပ်ပိုးလွှာ ခင်းခြင်း၊ km(၁၄-၂၆) အတွင်း မြေပြို၍တုတ်ရိုက်သော နေရာများအနက် (၂)နေရာအား မြေထိန်းနံရံ နှစ်ခုတည်ဆောက်ခြင်း၊ km(၁ဝ-၁၁)ကြား တံတား(၃)စင်းနှင့် km(ဝ-၁)ကြားရှိ တံတား(၁)စင်း စုစုပေါင်း(၄)စင်း၏ သစ်သားကြမ်းခင်းများကို သံကူကွန်ကရစ် ကြမ်းခင်းခြင်းအဖြစ် ပြုပြင်ထိန်းသိမ်းခြင်း၊ km(၁၉-၂၇) ထိ လက်ရှိလမ်းအား လမ်းတာဘောင် ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အား ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(ခ) တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းမြင့်မှ ”စစ်ကိုင်းတိုင်းဒေသကြီး တရား သူကြီးချုပ်ရုံး၏ ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ်လ(၄)ရက်၊ (တနင်္လာနေ့)(၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ ”၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၆)လပတ်လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ရာ ၂၀၁၉ ခုနှစ်၊မတ်လ(၄)ရက်၊ (တနင်္လာနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(သတ္တမနေ့)က တိုင်းဒေသကြီး ဥပဒေချုပ် တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်နှစ်ချုပ် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ ဦးလှိုင်မြင့်၊မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါ်အောင်မေရီ၊ ယင်းမာပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တို့မှ ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င)အတည်ပြုခြင်းကဏ္ဍတွင် အစည်းအဝေး(ဒုတိယနေ့)က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သည့် ”၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ” နှင့်စပ်လျဉ်း၍ အရအသုံးငွေစာရင်း၊ ဒေသန္တရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ ဆွေးနွေးချက်အပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏အတည်ပြုချက်ရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(စ)ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို(၁၂:၃၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။