ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉ခုနှစ်၊ မတ်လ(၅)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း (၁၀၀)ဦးအနက် (၇၈)ဦး တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁)ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့နယ်၊ အင်ပင်လှကျေးရွာအုပ်စုရှိ ပျဉ်တောနှင့်ထန်းပင်ချောင်ရွာမှ လယ်များ ချောင်းရေကြီးမှုကြောင့် ပျက်စီးသွားသဖြင့် ချောင်းလွှဲခြင်း၊ စိမ့်တူးခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများ သုံးစွဲလုပ်ဆောင်ရမည်ဖြစ်၍ တိုင်းဒေသကြီး အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ကိုယ်စား ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၂) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာအုပ်စု၊ နှဲတွင်းကျေးရွာ၊ မိုးနတ်ကျေးရွာနှင့် ပိတောက်ကုန်း ကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာများမှ ရေသောက်ဧရိယာ(၅ဝဝ)ဧက အတွက် လျှပ်စစ်စက်ရေတင်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကိုယ်စား ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃)ဦးသန်းလှိုင်၊ ပင်လည်ဘူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ပင်လည်ဘူး မြို့နယ်တွင် မျိုးစေ့သန့်စင်စက်တစ်လုံးအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင်အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကိုယ်စား ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄)ဦးညီညီဟန်၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ဗန်းမောက် မြို့နယ်၊ ကနန်းဒေသရှိ နန်းဇားကျေးရွာနှင့် ကျွန်းတောကျေးရွာ ရွာချင်းဆက်လမ်းအရှည်(၃)မိုင်အား မြေသား+ကျောက်ခင်းလမ်းချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅)ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ထီးချိုင့်မြို့နယ်ရှိ သပြေလှ၊ ချွန်းတောင်၊ ဖုန်ကုန်းကြီး၊ ဘူးကြီးနှင့် အောင်သာယာကျေးရွာ(၅)ရွာတို့တွင် ၄၀၀ဗို့ဓာတ်အားလိုင်း သွယ်တန်းထားသော်လည်းမီးမလင်းသေးသဖြင့် လိုအပ်နေသော ထရန်စဖော်မာများအား မည်သည့်အချိန်ကာလတွင် တပ်ဆင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စားစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဘုတလင်မြို့နယ်၊ မောက်တက်ကျေးရွာနှင့် ဒီပဲယင်းမြို့နယ်၊ အင်ကြင်းသပိုး ကျေးရွာကြားလမ်းနှင့် သစ်ခဲရွာမှ ဘုရားကြီးထိ (၅/၅)မိုင်လမ်း(၂)လမ်းအားဂျင်းမြေသားလမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာမြို့ဝင် မုဒ်ဦးမှဘိုးဘွားရိပ်သာနှင့် မုံရွာမြို့အတွင်း ဗိုလ်ချုပ်လမ်းမကြီး Ocean Center အထိ လမ်းမကြီးဘေးဝဲယာနှစ်ဘက်တွင် ဆိုင်ကယ်လမ်း တိုးချဲ့ဆောင်ရွက်ပေးရန်အတွက် B.O.T စနစ်ဖြင့် တာဝန်ယူထားသော ရွှေတောင်ကုမ္ပဏီအားညွှန်ကြားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်နှင့် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်များအတွင်း တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်ခဲ့သောလုပ်ငန်းများ သတ်မှတ်ကာလ အတွင်း ပျက်စီးခဲ့ပါက တင်ဒါစာချုပ်ပါစည်းကမ်းအတိုင်း ပြန်လည်ပြင်ဆင် ပေးခဲ့ခြင်းရှိ/မရှိ စိစစ်ပေးရန်၊ Deposit (အာမခံငွေ)ပြန်လည်ထုတ်ယူပါကသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာဦးစီးမှူး၏ သဘောတူ ခွင့်ပြုချက်ပါရှိမှသာ ကုမ္ပဏီသို့ အာမခံငွေထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ
ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”အရာတော်မြို့နယ်ရှိကန်မကြီးပတ်လည်၌ မူလအိမ်ဝင်းများတိုးချဲ့ထားမှု၊ ကန်ရေဝင်လမ်းတွင် အိမ်ဝင်းများဖြစ်ပေါ်နေမှုနှင့် ကန်အတွင်းအိမ်ဝင်းများ ဖြစ်ပေါ်နေမှုအားအဖွဲ့ဖြင့်စစ်ဆေးပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ခင်ဦးမြို့နယ်ဧရာဝတီမြစ်လယ်ရှိ သမိုင်းဝင် အညာသီဟတောဘုရား ရေရှည်တည်တံ့ခိုင်မြဲ စေရန်အတွက် ပြုပြင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှလည်းကောင်း၊ ရေကြောင်းထိန်းသိမ်းရေးနှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေမှလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန ရန်ပုံငွေမှလည်းကောင်း ရန်ပုံငွေခွင့်ပြု ချထားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ)မှတ်တမ်းတင်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ အောက်ဖော်ပြပါ ကော်မတီ၏ အစီရင်ခံစာများ တင်သွင်းမှုကို လွှတ်တော်၏သဘောထား ရယူကာ မှတ်တမ်း တင်ကြောင်း ကြေညာပါသည်-
(၁) ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီ၏ ဇလုံတောင်ကားဝန်း(ခမိုး) တောင်တက်
ကားအသင်းနှင့်ပတ်သက်သည့် တွေ့ရှိချက် အစီရင်ခံစာ”
(၂) ”ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီမှ ကျွန်းလှမြို့နယ်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် အစီရင်ခံစာ”
(ဂ) ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ”စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အလံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တံဆိပ်
(Logo)” နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်သွင်းခဲ့ရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ(၅)ရက်၊ (အင်္ဂါနေ့) (၁၆:၀၀) နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ”စစ်ကိုင်းတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေး
နှင့်နှိမ်နင်းရေး ဥပဒေကို ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့တင်သွင်းခဲ့ပါသည်။
(င)ဆုံးဖြတ်ခြင်းကဏ္ဍတွင် လွှတ်တော်ဥက္ကဋ္ဌမှ ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက်ပိုးမွှား
ရောဂါကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေကို ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏
အဆုံးအဖြတ် ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက်၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆(ခ)(၃)အရ ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းပေးအပ်ကြောင်းကြေညာပါသည်။
(စ)ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ”စစ်ကိုင်းတိုင်းဒေသကြီး မသန်စွမ်းသူများ ဖွံ့ဖြိုးရေး ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဆ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီး မသန်စွမ်းသူများ ဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်/မသင့်လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘော တူသည့်အတွက်၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၆(ခ)(၃)အရ ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းပေး အပ်ကြောင်း ကြေညာပါသည်။
(ဇ) ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးကိုယ်စားစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲခြင်းနှင့် တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း” တို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(စျ) ထို့နောက် လွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး တင်သွင်းသည့် ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေမှလွှဲပြောင်းသုံးစွဲခြင်းနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့ အစည်းများ၏ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း” တို့နှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ မတ်လ(၆)ရက်၊ (ဗုဒ္ဓဟူးနေ့)မှာ ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ(၅)ရက်၊ ညနေ(၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
(ည)ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၆)ရက်(ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို (၁၁:၅၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။