ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၉)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၅)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ကသာမြို့နယ်ရှိ အင်းဒရန့်-ငါးအိုးလမ်း(၅)မိုင်အား ကွန်ကရစ်လမ်း(သို့မဟုတ်)ကတ္တရာလမ်း အဖြစ် (၂ဝ၁၉-၂ဝ၂ဝ)ဘဏ္ဍာနှစ်တွင် ဦးစားပေး လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးလှိုင်မြင့်၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မော်လိုက်မြို့နယ် ကင်းတပ်အုပ်စု၊ ကင်းတပ်စံပြကျေးရွာတွင် နယ်မြေမီးသတ်စခန်းတစ်ခုအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ထီးချိုင့်မြို့နယ်၊ ဆပ်ကျကျေးရွာအုပ်စု၊ ဆပ်ကျကျွန်းအောက်ကွင်း ကွင်းအမှတ်(၂၂၆၉) အတွင်း၌ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့က ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများနှင့် မြေယာအငြင်းပွားမှု ပြဿနာများကို အမြန်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လိမ္မော်ပင်များ ပိုးမွှား ကျရောက်မှုကြောင့် ပြန်လည်အစားထိုးလိုသည့်သီးနှံပင်များအား မည်သို့ ကူညီ ဆောင်ရွက်ပေးမည်၊ အလားတူပိုးမွှားကျရောက်နေသည့် ကွင်းဆင်းရန် ကျန်ရှိနေသော ကျေးရွာများအား မည်သည့်အချိန်တွင် ကွင်းဆင်းဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးမြို့နယ် အတွင်း မဟာဓာတ်အားလိုင်း ဖြတ်သန်းသွားသော်လည်း ကလေးမြို့နယ် တောင်ပိုင်းကျေးရွာများတွင် မီးရရှိမှုမရှိသေးသဖြင့် မည်သည့်အချိန်တွင် မီးရရှိနိုင်မည်ကို သိရှိလိုပါကြောင်း ” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးသိန်းလှိုင်ဝင်း၊ ခန္တီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ခန္တီးမြို့နယ်အတွင်း၊ ကျေးရွာများ ဖုန်းဆက်သွယ်မှုကောင်းမွန်စေရန်အတွက် အရေးပါနေသည့် ကောင်းဟိန်းကျေးရွာတွင် တယ်လီဖုန်းတာဝါတိုင်အား မည်သည့်ဘဏ္ဍာ နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ဟုမ္မလင်း မြို့နယ်တွင် မောင်းခမ်းမှ ဟုမ္မလင်းသို့ ရာသီမရွေးသွားလာနိုင်ရန်အတွက် မောင်းခမ်းဗျူဟာလမ်းပိုင်းကို ဂျင်းကျောက်ခင်းလမ်းအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်၊ ပါယ့်သူကြီးနှင့်ထန်းကြီး(တောင်)ဆက်သွယ်ထားသော မြေသားလမ်းမှာ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ပေးခြင်း၊ လမ်းအဆင့်မြှင့်တင်ပေးခြင်းကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင် မြို့နယ်၊ ကရားကျေးရွာရှိ ပြောင်းရွှေ့သွားသော ကျေးလက်ကျန်းမာရေးမှူး နေရာအား ကျန်းမာရေးစောင့်ရှောက်မှု မပြတ်စေရန်အတွက် မိုးရာသီအမီ အစားထိုးဖြည့်တင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို လူမှုရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီးဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာမြို့တွင် ဘောလုံး လေ့ကျင့်ရေးကွင်းသစ်တစ်ခု ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ”စစ်ကိုင်းတိုင်းဒေသကြီး၏၂၀၁၇-၂၀၁၈ဘဏ္ဍာရေး နှစ်အတွက် ဘဏ္ဍာငွေအရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက်များနှင့် ဌာန၊အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ” အား လွှတ်တော်သို့ တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလ(၃)ရက်၊ သောကြာနေ့ (၁၃:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက်အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီအဖွဲ့ဝင်၊ ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒုတိယအကြိမ်စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် “စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေး ဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြခဲ့ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၂)ရက်၊ (ကြာသပတေးနေ့) (၁၃:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည် စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(တတိယနေ့)ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၃၀)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကို (၁၂:၀၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။