ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၂)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၇)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တိုင်းဒေသကြီးအစိုးရ အနေဖြင့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုအတွက် လုပ်ငန်းစဉ်များကို မည်သို့ ကြိုတင်ပြင်ဆင်ထားသည်၊ စိုက်ပျိုးရေးကဏ္ဍကို ဒေသတွင်းနိုင်ငံ များနှင့် ယှဉ်ပြိုင်နိုင်ရန် မည်သည့်မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ် ပြင်ဆင်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၂) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း(၂)ခုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(၁) “လေရှီးမြို့နယ်၊ လေယုံကျေးရွာ၊ ရိရွင်ရှားရေသွယ်မြောင်း(၅)မိုင်အား ဖောက်လုပ်ပေးခြင်းဖြင့် လှေကားထစ် စိုက်ဧက(၁၀၀)ကျော်နှင့် ဥယျာဉ်ခြံမြေစိုက်ဧက (၁၀၀)ကျော်တို့အတွက် အကျိုးဖြစ်ထွန်းနိုင် သောကြောင့် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၂) “လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တွင်းရှိ နိတားရှား ရေသွယ်မြောင်း(၆)မိုင်အား ဖောက်လုပ်ပေးခြင်းဖြင့် လှေကားထစ်စိုက်ဧက(၁၅၀) ကျော်နှင့် ဥယျာဉ်ခြံမြေစိုက်ဧက(၂၀၀)ကျော်ကို အကျိုးဖြစ်ထွန်းနိုင် သောကြောင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၃) ဒေါ်သန့်ဝေကျော်၊ ကလေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေး မြို့နယ်တွင် ခေတ်နှင့်အညီ ပေါ်ပေါက်လာသော ဆိုက်ကားအစားထိုး ဆိုက်တွဲယာဉ်များအား တရားဝင်ဖြစ်အောင် ဒေသန္တရစီမံချက်ဖြင့် မည်သို့ ခွင့်ပြုဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူးရုံးရှိရာ နန့်ခင့်ကျေးရွာကို ဖြတ်၍ ပေ(၁၉၀၀)အရှည်လမ်းကို ကုန်ထုတ်လမ်းသတ်မှတ်၍ တင်ဒါခေါ်ယူ ဖစ် သတ်မှတ် လျာထားသည့်လမ်းကို မည်သည့်အတွက်ကြောင့် ရန်ပုံငွေမချထားပေးခြင်း များကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့၊ မြို့ပေါ်(၅)ရပ်ကွက်ရှိ လမ်းများ၌ မီးမလင်းသေးသောနေရာများအား လမ်းမီး တပ်ဆင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ရန် လိုအပ်သည့်မြေနေရာအကျယ်အဝန်း ရရှိထားပြီဖြစ်၍ မည်သည့်အချိန် ကာလတွင် ကျန်းမာရေးဌာနခွဲကို တည်ဆောက်ပေးမည်ကို သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဟုမ္မလင်း မြို့နယ်၊ သာယာကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား မည်သည့်ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့် ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကောလင်း မြို့နယ်တွင် ကုတင်(၁၀၀)ဆေးရုံတည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ချိတ်ဆက်၍ အနီးဆုံးဘတ်ဂျက်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်း မြို့နယ်၊ ဘိုင်ကျေးရွာအုပ်စု၊ အနောက်တောကျေးရွာ၊ အခြေခံပညာမူလတန်း ကျောင်းတွင် ကိုယ့်အားကိုယ်ကိုးဖြင့် တည်ဆောက်နေသော ကျောင်းဆောင်သစ်အား အပြီးသတ်နိုင်ရေးအတွက် လိုအပ်နေသော ရန်ပုံငွေကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(ခ) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”စက်မှုလက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာ”အား ကော်မတီ ဥက္ကဋ္ဌ၊ ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များအား ၂၀၁၉ ခုနှစ်၊ မေလ(၃)ရက်၊ (သောကြာနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာ”အား ကော်မတီ
ဥက္ကဋ္ဌ၊ ဦးကျော်ဌေးလွင်၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များအား ၂၀၁၉ ခုနှစ်၊ မေလ(၃)ရက်၊ (သောကြာနေ့) (၁၅:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၃)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို (၁၁:၂၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။