ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၆)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ရာ
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၆)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာမြို့နယ်၊ အင်းရွာတိုက်နယ်ကျေးရွာနှင့် မန္တလေး-တကောင်း-ဗန်းမော် ကားလမ်းမကြီးကို ဆက်သွယ်ထားသော ပျက်စီးနေသည့် မြေသားလမ်းအား (၁၂)ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် ဦးစားပေးလျာထား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြင်းမူမြို့နယ်၊ ပုလဲတန်ကျေးရွာ၊ ညောင်ရင်းကျေးရွာ၊ ရွာပိုလေးကျေးရွာရှိ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် လက်ရှိအသုံးပြု နေသည့် အရှည်(၂)မိုင်ခန့်လမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်း (သို့မဟုတ်) ကွန်ကရစ်လမ်းအဖြစ်ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်း မြို့နယ်တွင် ၂၀၁၈ခုနှစ်၊ တိုင်းဒေသကြီး Miniဘတ်ဂျက်ပါကျေးရွာ(၁၁)ရွာ နှင့် ၂၀၁၈-၂၀၁၉(တနှစ်)ဘတ်ဂျက်တွင်ပါရှိသော ကျေးရွာ(၁၀)ရွာ စုစုပေါင်း (၂၁)ရွာတို့ မည်သည့်အချိန်ကာလတွင် မီးလင်းနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄)ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏”မော်လိုက်မြို့နယ်နန်းဖြူကျေးရွာနှင့် အုပ်ဖိုကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည်မိုင် (၆)မိုင်(၂၄)ပေအကျယ် မြေသားထု(၂)ပေ တာဘောင်တင်၊ ဂျင်းမြေ (၈)လက်မထု ခင်းခြင်းနှင့် ရေမြောင်း(၂)ဖက်ပါသောလမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးသိန်းဟန်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ် အရှေ့ဖက်ခြမ်းဒေသများအတွက် လျှပ်စစ်ဓာတ်အားခွဲရုံများ မရှိသေးသည့်အတွက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင်ထည့်သွင်း၍ မည့်သည့် နေရာတွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”အင်းတော်မြို့နယ်၊ ပေကုန်းကျေးရွာ သောက်သုံးရေဖူလုံမှုမရှိသဖြင့် ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရေးနှင့် ရရှိပြီးသောက်သုံးရေလုပ်ငန်းကို ရေရှည်ခိုင်မြဲအောင် တာဝန်ယူထိန်းသိမ်းပေးရန်အားနည်းသော ဌာနမှ တာဝန်ရှိသူများကို မည်ကဲ့သို့ ထိန်းကျောင်းကြပ်မတ်သွားမည်ကို သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇) ဒေါ်အမာကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မုံရွာမြို့တွင်တရားမဝင်သိုလှောင် ဖြန့်ဖြူးရောင်းချနေသော စက်သုံးဆီဆိုင်များအားတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စဉ်ဆက်မပြတ် မည်ကဲ့သို့ ထိန်းချုပ်ဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈)ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ချောင်းဦးမြို့နယ်၊ငါးလုံးတင်ကျေးရွာ၌ အလှူရှင်မှ ဆေးခန်းဆောက်လုပ်ရန် မြေ(၄)ဧကခွဲလှူဒါန်းထားပြီးဖြစ်၍ ကျေးလက်ကျန်းမာရေးဌာနခွဲအား မည်သည့်အချိန် ကာလတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို လူမှုရေးဝန်ကြီးကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီအတွင်းရေးမှူး၊ ဦးစောမောင်မှ ”စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် တာတမံများဆိုင်ရာ ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဂ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် ”စစ်ကိုင်းတိုင်း ဒေသကြီး ဆည်မြောင်းနှင့် တာတမံများဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆(ခ) (၃)အရ ”စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်တာတမံများဆိုင်ရာ ဥပဒေ(မူကြမ်း)”ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းပေး အပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(ပဥ္စမနေ့က) တင်သွင်းခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”စက်မှုလက်မှု၊ စွမ်းအင်နှင့်လျှပ်စစ် ဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ ဦးလှိုင်မြင့်၊မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ဆွေးနွေးချက်အပေါ် ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၇)ရက် (အင်္ဂါနေ့)နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို (၁၁:၁၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။