ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၇)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက်(၈၆)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင်အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက်မြို့နယ်တွင် မြို့မကုန်သွယ်ရေးစခန်း၊ စိုင်နိုင်ကုန်သွယ်ရေးစခန်း၊ ရွာသာကြီးကုန်သွယ်ရေးစခန်း၊ လှတောကုန်သွယ်ရေးစခန်းများတွင် စပါးသိုလှောင်ရန်အတွက် ဂိုထောင်များကို သိမ်းယူထားသော်လည်း လက်ရှိ၌ဆက်လက်လုပ်ကိုင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမတွေ့ရသဖြင့် ဂိုထောင်များအား မည်သည့်သဘောတူညီချက်ဖြင့် သိမ်းဆည်းခဲ့သည်၊ မည်သို့ဆက်လက်စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာအုပ်စုအတွင်းပါဝင်သော ကျေးရွာများ၌ မီးဘေးကိစ္စများ ပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန်အတွက် သာဂရကျေးရွာတွင် မီးသတ်ယာဉ် နှင့်မီးသတ်ယာဉ်ထားရန်အတွက် အဆောက်အဦးတစ်ခုတို့ကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးရိထင်၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”လေရှီးမြို့နယ်၊ ငါကြံကျေးရွာရှိ ကြားရိရှားရေသွယ်မြောင်း အရှည်(၅)မိုင်အား ဖောက်လုပ်ပေး ခြင်းဖြင့် လှေကားထစ်စိုက်ဧက(၁၅၀)နှင့် ဥယျာဉ်ခြံမြေ(၂၀၀)ကျော်တို့အားအကျိုးပြုနိုင်သောကြောင့် အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄) ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝ မြို့နယ်တွင် တရားဝင်ကျောက်မီးသွေး တူးဖော်ထုတ်လုပ်လျက်ရှိသည့်ကုမ္ပဏီ မည်မျှရှိသည်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက် ကုမ္ပဏီများမှ တူးဖော်ထုတ်လုပ်ခဲ့သည့် တန်ချိန်မည်မျှရှိသည်၊ ဥပဒေစည်းကမ်းများနှင့် မညီညွတ်၍ ရပ်ဆိုင်းထားသည့်/အရေးယူထားသည့် ကုမ္ပဏီများရှိပါက မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၅)ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဝက်လက် မြို့နယ်၊ ပေါက်ကန်အုပ်စု၊ ပေါက်ကန်ကျေးရွာ၏ တောင်ဘက်လှည်းလမ်းပေါ်ရှိ (အရှေ့ အနောက်ပေ ၃၀၊ တောင်မြောက်ပေ ၂၀ ခန့်)ရှိသော ရေဆိုးထုတ်မြောင်းအား ရေကျော်တစ်ခုဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီးကိုယ်စားလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆)ဦးကာစီရန်း၊ လေရှီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”လေရှီးမြို့နယ် မြောက်ဘက်ခြမ်းရှိ မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ လေရှီး-ပန္နဲကုန်း-အမိမီ-မသော်ရီ-ရော်ပါးမီ-ရောဟော်−ဝမ်းဘဲ ရွာဟောင်းလမ်းပေါ်ရှိ နန်းသလက် ချောင်းကူးတံတား(၁)၊ ရန်နွေး-မိုဒွန်ဖိုင်ကြား နန်းသလက်ချောင်းကူးတံတား (၂)၊ မြို့နယ်တောင်ဘက်ခြမ်းရှိ မိုပိုင်းလွတ်မြို့သို့ ဆက်သွယ်ပေးမည့် ဘန်းဂလား-ကော်လ်ကန်ကြားရှိ နန်းဝယ်ချောင်းကူးတံတားတို့အား တည်ဆောက်နိုင်ရန်အတွက် ကွင်းဆင်းတိုင်းတာဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇)ဒေါက်တာကျော်နိုင်ထွန်း၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏”မြောင်မြို့နယ်ရှိ ရေစုပ်တင်သည့်နေရာ တွင်းကြီး(ပရိမ္မ)တွင် မြစ်ကြောင်းသောင်ထွန်းမှုကျယ်ပြန့်လာသဖြင့် ရေတင်ရန်အခက်အခဲဖြစ်နေ၍ မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဒေါ်ဖြူဖြူဝင်း၊ ကောလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”တောင်မော်- ကောလင်း−ဝင်းကြီးလမ်း (ကောလင်းမြို့တွင်းပိုင်း)၌ နိမ့်ကျပျက်စီးနေသော နေရာများတွင် အပွန်းခံလွှာခင်းပြီး ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း များကို အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉)ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကျားတက်− ဆားလင်းကြီး-မုံရွာလမ်းမကြီးမှ (၃)မိုင်(၅)ဖာလုံဝေးသော ကျွန်းဖိုပင် သနပ်မျှောင် ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက်လမ်းနှင့် (၂)မိုင်(၄)ဖာလုံဝေးသော ကနီ-ကျိုင်းခမောက် ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက်မြေသားလမ်းများအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ခင်ဦးမြို့နယ်အတွင်းရှိ ပင်တင်းကျေးရွာနှင့် အနီးဝန်းကျင်ရှိပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပျက်စီးယိုယွင်းနေသည့် မောဂ္ဂလန်တံတားအားသံကူကွန်ကရစ်တံတားအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) အဆိုတင်သွင်းခြင်းကဏ္ဍတွင် ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ ”တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းများအနေဖြင့် တောင်သူလယ်သမားအဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များ၊ လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့် (၄)လတစ်ကြိမ်တွေ့ဆုံဆွေးနွေး၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန် မြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း” အဆိုအား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ထောက်ခံဆွေးနွေးခဲ့ပါသည်။
(ဂ)ဆုံးဖြတ်ခြင်းကဏ္ဍတွင် ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများအနေဖြင့် တောင်သူလယ်သမားအဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များ၊ လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့် (၄)လ တစ်ကြိမ် တွေ့ဆုံဆွေးနွေး၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် အစည်းအဝေး(ပဥ္စမနေ့)က တင်သွင်းခဲ့သည့် ဒုတိယ အကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၈)ရက် (ဗုဒ္ဓဟူးနေ့)နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)ကို (၁၁:၁၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။