ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(နဝမနေ့) ဆက်လက် ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၈)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၈)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင်အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁)ဦးအောင်သန်းကျော်၊ ကလေးဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကလေးဝမြို့နယ်၊ ရှမ်းစုအုပ်စု၊ ဘန့်ဘွေးခုံကျေးရွာအနီး၌ ဆည်တည်ဆောက်နိုင်ရေးအတွက် ပညာရှင်များနှင့် အသေးစိတ်လေ့လာ ဆောင်ရွက်ထားရှိမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားပေးမှု အခြေအနေအား သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂)ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်၊ သာစည်ကျေးရွာနှင့် ကရားကျေးရွာကြားတွင် ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ပျက်စီးနေသော ရေလွှဲပေါက်(၉၇၀)ပေခန့်အား မြေသားတံမန်တုတ်ရိုက် တာဘောင်တင်ခြင်းလုပ်ငန်းကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင်ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”အင်းတော်မြို့နှင့်ကသာမြို့ဆက်သွယ်ထားသော ကသာ-နားရခေါင် ရာသီမရွေးသွားလာနိုင်သော လမ်းမကြီးသည် အကျယ်(၁၂)ပေခန့်သာရှိသောကြောင့် လမ်းတစ်ဖက်လျှင် (၃)ပေစီချဲ့ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင်ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးကယ်၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မဟာဓာတ်အားလိုင်းစီမံကိန်းနှင့် ဝေးကွာစွာတည်ရှိသည့် ထန်ပါခွေမြို့နှင့် ပုံညိုနောက်ကုန်းကျေးရွာတို့ မီးရရှိရေးအတွက် တိုင်မုန်ချောင်းနှင့် ယွန်တိုင်ချောင်းတို့မှရေအားလျှပ်စစ်ထုတ်လုပ်၍ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅)ဗိုလ်ကြီးကျော်ဝင်းလှိုင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏ ”ရွှေဘိုမြို့နယ်၊ ဗျူဟာလမ်း-နမော-ပေါက်ကံ-ဘိုးတော်တော-မြို့သစ်လမ်းပိုင်းတွင်ဗျူဟာလမ်း-နမောရွာကြား ကျန်ရှိနေသည့် မြေသားလမ်း(၁)မိုင်ခန့်အားကျောက်ခင်းလမ်းအဖြစ် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆)ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဒီပဲယင်းမြို့နယ်၌ ၂၀၁၆-၂၀၁၇နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များတွင် တည်ဆောက်ခဲ့သော YMC-အင်တိုင်းလေး-ပေါင်းတောင်ကူ-နဂါးတွင်းလမ်း (ကျောက်ချောလမ်း)နှင့် RMC-ဝက်ပုတ်-နှောနတ်နန်းလမ်း (မြေသားတာဘောင်)တို့ စာချုပ်စည်းကမ်းပါ(၂)နှစ်မတိုင်မီပျက်စီးနေမှုအပေါ် တင်ဒါအောင်ကုမ္ပဏီများမှပြင်ဆင်ပေးရန်နှင့် ပြင်ဆင်ပေးခြင်းမရှိပါက အရေးယူမှုများပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇)ဒေါ်အောင်ကြည်၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မုံရွာ-အမြင့်လမ်းနှင့်ထိစပ်နေသော ညောင်ပင်သာကျေးရွာမှ ဆူးလေကုန်းကျေးရွာအထိ ကျေးရွာ (၇)ရွာအသုံးပြုနေသော အရှည်ပေ(၆၅၅၀)ရှိ မြေသားလမ်းအား ရာသီမရွေးသွားလာနိုင်ရန်အတွက် ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈)ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါမေးခွန်း(၂)ခုတို့အား ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးလာလ်ထောင်ထန်းမှရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)”တိုင်းဒေသကြီးအတွင်း လက်လုပ်လက်စား အသေးစား ရွှေလုပ်ကွက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းများလျင်မြန်သွက်လက်စေရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်း၊
(ခခ)တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ဖမ်းဆီးရမိပြီးသစ်များအား ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ အချိန်မီလေလံတင် ရောင်းချနိုင်ရေးအတွက် အထူးစီမံချက်များဖြင့် စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင် စတင် ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်း၊
(၉)ဦးဗိုလ်သိန်း၊ မော်လိုက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မော်လိုက်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ရွှေသတ္တုလုပ်ငန်း လုပ်ကိုင်သူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ချထား ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ)ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”ပညာရေး၊ ကျန်းမာရေး၊အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ (၂၀၁၈-၂၀၁၉)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”အား ကော်မတီအဖွဲ့ဝင်၊ ဦးသန်းဝင်း၊အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်သို့တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလ(၉)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအတွင်းရေးမှူးဒေါ်အေးမြတ်မွန်၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်မှတ်(၁)မှ ”စစ်ကိုင်းတိုင်းဒေသကြီးရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဃ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် ”စစ်ကိုင်းတိုင်း ဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကိုယ်စားလှယ် အားလုံးက သဘောတူသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေ(မူကြမ်း)ပါ ပုဒ်မ၊ ပုဒ်မခွဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည့် ပုဒ်မ၊ပုဒ်မခွဲများကို အကျိုးအကြောင်းဖော်ပြချက်နှင့်တကွ တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးထံ ၂၀၁၉ ခုနှစ်၊ မေလ(၁၀)ရက် (သောကြာနေ့) (၁၆:၀၀) နာရီအချိန်နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င)တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးစိုးဦးမှ”စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းများ”နှင့်စပ်လျဉ်း၍အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(စ)တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးစိုးဦးမှတင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ”နှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ မေလ(၉)ရက်၊ (ကြာသပတေးနေ့) (၁၆:၀၀)နာရီ အချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(နဝမနေ့)ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒသမနေ့)ကို ၂၀၁၉ ခုနှစ်၊ မေလ(၉)ရက် (ကြာသပတေးနေ့)နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့)ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါ သည်။