ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ(၁၀)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၂)ဦးတက်ရောက်သဖြင့်(၈၂)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁)ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်ရှိ၊လက်ပံရေလှောင်တမံမှရေအား တောချောင်းဦးကျေးရွာရှိ ကန်နီသောက်သုံး ရေကန်သို့ သယ်ယူသိုလှောင်နိုင်ရန်အတွက် ရေထုတ်ပြွန်တစ်ခုတည်ဆောက် ခြင်းနှင့် ရေသွယ်မြောင်း ပေ(၁၀၀၀)ခန့် တူးဖော်ခြင်းများကို အနီးစပ်ဆုံး ရန်ပုံငွေဖြင့် ချထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးဝင်းရွှေ၊ ဗန်းမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”သစ်တောဧရိယာသတ်မှတ်ခြင်းမခံရမီက လယ်ယာလုပ်ကိုင်ခဲ့ကြောင်း သက်သေအထောက်အထားပြသနိုင်သော လယ်ယာမြေများအား လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) ပြုလုပ်ပေးနိုင်ရေးအတွက် သိမ်းဆည်းလယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေးကော်မတီကဲ့သို့ ကော်မတီတစ်ရပ်ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်ပေးရန် သို့မဟုတ် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်သို့ ညွှန်ကြားချက်ထုတ်ပြန်၍ မည်သည့်ကာလမှစတင်၍ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃)ဦးရွှေဌေး၊ ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါမေးခွန်း(၂)ခုတို့အား လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စားလူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)”ကနီမြို့နယ်၊ ကင်းခြေရွာအခြေခံကင်းတိုက်နယ်သည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နေသော်လည်း လျှပ်စစ်မီး မရရှိသေး သည့်အတွင် တိုင်းဒေသကြီးအစိုးရမှ မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်း၊
(ခခ)”ကနီမြို့နယ်၊ လာပို့အုပ်စုကျေးရွာ(၄)ရွာနှင့် ယာကြီးအုပ်စု ကျေးရွာ (၄)ရွာတို့တွင် လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေ လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ အတွက် မရှိမဖြစ်လိုအပ်နေသော လျှပ်စစ်မီးရရှိရေးအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၄)ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ခင်ဦးမြို့နယ်၊ မဒေါင်းကြီးကျေးရွာ၊ ရွှေကာကျေးရွာ၊ ပေကုန်းကျေးရွာ၊ စည်ပုတ္တရာကျေးရွာ၊ ဂျပို့ကျေးရွာ၊ ပေါက်သင့်တုံကျေးရွာ၊ ကျေးရွာ(၆)ရွာရှိ လယ်ယာမြေ(၅၇၃) ဧကကို အကျိုးပြုမည့် ပေါက်တောရေဆိုးချောင်းပေါ်၌ အလျား(၄၅)ပေ၊
အနံ(၁၅)ပေ၊ အမြင့်(၁၄)ပေ၊ ကုန်ထုတ်လမ်းတံတား(၁)စင်းအား အနီးဆုံးဘဏ္ဍာရေးနှစ်တွင် လျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅)ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း (၂)ခုတို့အား လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)”ဝက်လက်မြို့နယ်၊ လှတွေကျေးရွာအုပ်စု၊ လှတွေကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ သရက်ချိုကျေးရွာ၊ မင်းဂံကျေးရွာများလျှပ်စစ်မီးရရှိရေးအတွက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(ခခ) “ဝက်လက်မြို့နယ်၊ မြင်းသည်ကျေးရွာအုပ်စု၊ မဟာဗိုလ် ကျေးရွာ၊ ရွှေဘုံသာကျေးရွာ၊ ဥယာဉ်သာ(တ)ကျေးရွာ၊ တဂဏန်းကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ ”သတ္တုတွင်း ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ကလေး၊ ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ ဝန်းသို၊ ဗန်းမောက်၊ ကောလင်းမြို့နယ်များသို့ ကွင်းဆင်းခရီးစဉ် တွေ့ရှိချက် အစီရင်ခံစာ”အား ကော်မတီအတွင်းရေးမှူး၊ ဦးစောမောင်၊ ဆားလင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်သို့တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ)လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး နှင့်လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ ၂၀၁၈ ခုနှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” အား လွှတ်တော်သို့ တင်ပြခဲ့ပြီး အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလ(၁၃)ရက်၊ (တနင်္လာနေ့) (၁၃:၀၀)နာရီအချိန် နောက်ဆုံးထား၍ ဆွေးနွေးချက် အကျဉ်းချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်း အကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှု ဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ”ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ (၂၀၁၈-၂၀၁၉)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိသဖြင့် လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င) ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာကျော်သူဟန်ထွန်း တင်သွင်း ခဲ့သည့် ”တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် အဖွဲ့ အစည်းများအနေဖြင့် တောင်သူလယ်သမားအဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်း ရှင်များ၊ တတ်သိပညာရှင်များ၊ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့် (၄)လတစ်ကြိမ် တွေ့ဆုံဆွေးနွေး၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန် မြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်-
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၂) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၃) ဒေါ်နှင်းခိုင်စိုး၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၄) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၅) ဒေါ်အေးမြတ်မွန်၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၆) ဦးအောင်ကျော်၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၇) ဦးလော်ယုံ၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၈) ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(စ) အဆိုအတည်ပြုခြင်းကဏ္ဍတွင် ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာကျော်သူဟန်ထွန်း၏ ”တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများအနေဖြင့် တောင်သူလယ်သမားအဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များ၊ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့် (၄)လတစ်ကြိမ် တွေ့ဆုံဆွေးနွေး၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက်အဆိုကို အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက် (တနင်္လာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။