ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

 

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ(၁၃)ရက် (တနင်္လာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တောကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၈)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁)ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ဝက်လက်မြို့နယ်၊ဟံလင်းပျူမြို့ဟောင်းသွားလမ်းအား ဂျင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန်နှင့် ရှိန်းမကားရှိ တောကျောင်းကြီး ရွှေသမင်ဘေးမဲ့တောသွားရာလမ်းအား ဂျင်းလမ်းများအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂)ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ အောက်ပါမေးခွန်း(၂)ခုတို့အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)”ဝန်းသိုမြို့နယ်၊ ရွှေမြေဇာနည် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအား နိုင်ငံတော်မှ စီမံခန့်ခွဲနေသည်ဆိုပါက မည်ကဲ့သို့ ထိန်းသိမ်းထားသည်၊သိမ်းဆည်းခံတောင်သူများ၏ လယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(ခခ) “ဝန်းသိုမြို့နယ်တွင် တပ်မှပြန်လည်စွန့်လွှတ်ရန် ကျန်ရှိနေသော တောင်သူ(၃)ဦး၏ လယ်ယာမြေများအား တောင်သူများလက်ဝယ်သို့ မည်သည့်အချိန်တွင် ပြန်လည်စွန့်လွှတ်အပ်နှံပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၃)ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြို့နယ်များတွင် မြေနုကျွန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအား ငှားရမ်းဆောင်ရွက်ပေးနေခြင်းများမှကာကွယ်ရန် မည်သို့စီစဉ်ဆောင်ရွက်သွားမည်၊ ကန့်ဘလူမြို့နယ်၊ ဘုတ္တောအုပ်စု၊ ဆားကုန်း-ဆားကိုင်းမြေနုကျွန်းများအား ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းမပြုခဲ့သော သက်ဆိုင်ရာဌာနတာဝန်ရှိသူများကို မည်သို့အရေးယူဆောင်ရွက်ထားသည်တို့ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄)ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “ဝက်လက်မြို့နယ်၊စဉ့်ပါကျေးရွာအုပ်စု၊ စဉ့်ပါကျေးရွာနှင့် မောက်ကြိုးကျေးရွာ ကျေးရွာချင်းဆက် လမ်းနှင့် အဆိုပါလမ်းပေါ်ရှိ ရေဆိုးဖြတ်တံတားအား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုလျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၅) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့အတွင်း မန္တလေး-မြစ်ကြီးနား မီးရထားသံလမ်းမှ OMC မူးဘောင်အထိ (၂၄)ပေအကျယ် ကတ္တရာလမ်းအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးစိုးဝင်းထွန်း ၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း(၂)ခုတို့အား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(၁) ”ဝက်လက်မြို့နယ်၊ စစ်ကိုင်း-ရွှေဘိုကားလမ်းမကြီးနှင့် ဆက်သွယ်ထားသော ကျေးရွာ(၅)ရွာ အသုံးပြုနေသည့် လှည်းဦးကြီး-မောက္ကဒီးလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၂)”ဝက်လက်မြို့နယ်အတွင်း ကျေးရွာပေါင်း(၂၀)အသုံးပြုနေသော လှတွေ-ရွှေစည်းခုံလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၇)ဦးမိုးကျော်သူ၊ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ရွှေဘိုမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်နေသော မြစိမ်းရောင်စီမံကိန်းသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်ပင်ခြင်းမရှိသဖြင့် မည်သို့ဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈)ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အများသုံးရေကန်အား ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲရေး ဌာနမှ ကန်ဘောင်မြှင့်တင်ခြင်းလုပ်ငန်း၊ ကန်ပြုပြင်ခြင်းလုပ်ငန်းကို ဆောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကိုစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှအတည်ပြုပြဌာန်းခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များ ဥပဒေ၊ ပြတိုက်များဥပဒေနှင့် စည်ပင်သာယာရေးဥပဒေတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လိုအပ်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များ ထုတ်ပြန် အကောင်အထည်ဖော်မှု အခြေအနေအား သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး၊ ဦးမြင့်ကြည်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၁၀) ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ “မြို့နယ်စာရင်းစစ်ဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၏ စာရင်းများစစ်ဆေးခြင်းကို အာဏာသဖွယ် အသုံးပြုနေသောကြောင့် မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်လာနိုင်၍ ပြည်သူ အပေါ်ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်မှုမဖြစ်အောင် ဌာနများအား မည်ကဲ့သို့ ကြပ်မတ် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ”ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သတ္တုတွင်း ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လူထု အကြံပြုဆွေးနွေးပွဲ အစီရင်ခံစာ” ကို ကော်မတီအဖွဲ့ဝင်၊ ဦးမြင့်ထွေး၊ ရေဦးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပါသည်။
(ဂ)ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍတွင် စက်မှုလက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်၊ ဦးကျော်မင်းထွန်း၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ” စစ်ကိုင်းတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။
(ဃ) ဆုံးဖြတ်ခြင်းကဏ္ဍတွင် စက်မှုလက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီမှ တင်သွင်းသည့် ”စစ်ကိုင်းတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ဥပဒေ (မူကြမ်း)”နှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၆(ခ) (၃)အရ ”စစ်ကိုင်းတိုင်းဒေသကြီး အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဥပဒေ (မူကြမ်း)”ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(င)အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တင်ဒါလုပ်ငန်းများ ဆောလျင်စွာ ခေါ်ယူဆုံးဖြတ်
ပေးနိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လျှပ်စစ်၊ စက်မှုနှလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးသန်းညွန့်ဝင်းနှင့် လူမှုရေးဝန်ကြီး၊ ဒေါက်တာဇော်ဝင်းတို့မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်-
(၁) ဒေါ်အေးမြတ်မွန်၊ မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၂) ဦးဝင်းမြင့်၊ ချောင်းဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၃) ဒေါ်ခိုင်ခိုင်ဝင်း၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၄) ဦးမိုးမင်းဝင်း၊ ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(စ) အဆိုအတည်ပြုခြင်းကဏ္ဍတွင် အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီမှ တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တင်ဒါလုပ်ငန်းများ ဆောလျင်စွာ ခေါ်ယူဆုံးဖြတ်ပေးနိုင်ပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် အဆိုကို အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက် (အင်္ဂါနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို (၁၂:၂၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။