ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၃)ရက်မြောက်နေ့ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ(၁၄)ရက် (အင်္ဂါနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၅)ဦးတက်ရောက်သဖြင့်(၈၅)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော် တက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁)ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ဝန်းသိုမြို့နယ် တင်းဝါးချောင်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၂၉၃က) ကြိုးကြာဝင်းကွင်း၊ ဦးပိုင်အမှတ်(၄)၊ ဧရိယာ(ဝ.၂၆)ဧကရှိ အငြင်းပွားမြေယာအား တာဝန်ရှိသူများမှ ဥပဒေနှင့်မညီညွတ်သည့် လုပ်ဆောင်ထားမှုများရှိပါက စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ၎င်းမြေယာအား မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်သာလျှင် ဥပဒေနှင့်အညီ အသုံးပြု ပိုင်ခွင့်ရှိကြောင်းကို တိကျစွာ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂)ဒေါက်တာကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏အောက်ပါမေးခွန်း(၂)ခုတို့အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးကမ်ဇာမုံမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)”ရပ်/ကျေးလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီတွင် တောင်သူ လယ်သမားကိုယ်စားလှယ်များ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း၊ မြို့နယ်လယ်စီတွင် တောင်သူလယ်သမားကိုယ်စားလှယ်များထည့်သွင်းဖွဲ့စည်းခြင်းနှင့် မြို့နယ်လယ်စီကော်မတီအစည်း အဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားဆွေးနွေးစေရေး ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(ခခ) ”မြေပေးမိန့်ချထားပေးခြင်းမရှိသေးသည့် ကိုးထောင်ဘို့ကျေးရွာ အုပ်စု ကွင်းအမှတ်(၃၉၀)၊ ကျွန်းကုန်းကွင်း၊ မြေကွက်အမှတ်(၂၅၂)ရှိ ဧရိယာ(၄.၁၃)ဧကအား အများပြည်သူအတွက် အကျိုးရှိစေမည့် စည်ပင်သာယာစျေးနေရာအဖြစ် အသုံးပြုခွင့် ရရှိရန် မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၃)ဒေါ်နီလာလွင်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အများသုံးရေကန်အား ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံ ခန့်ခွဲရေးဌာနမှ ကန်ဘောင်မြှင့်တင်ခြင်းလုပ်ငန်း၊ ကန်ပြုပြင်ခြင်းလုပ်ငန်းကို ဆောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၄)ဦးဝဏ္ဏ၊ အရာတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ရွှေဘိုခရိုင်အတွင်းသာ ဝယ်ယူစုဆောင်းခွင့်ရှိသော အထောက်အထားဖြင့် မုံရွာခရိုင်၊ အရာတော် မြို့နယ်သို့ ဝင်ရောက်၍ နွား(၃၆)ကောင် တရားမဝင် ဝယ်ယူစုဆောင်းခြင်း နှင့်ပတ်သက်၍ မှောင်ခိုဝယ်၊ မှောင်ခိုသယ်သူများကိုမဖမ်းရဟု အမိန့်ပေးနေ သူများ၊ အားပေးနေသူများကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅)ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ “ကန့်ဘလူမြို့နယ် အတွင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားဝင်ကျောက်ထုတ် လုပ်ငန်းလိုင်စင် မည်မျှထုတ်ပေးထားသည်၊ ၄င်းလုပ်ငန်းလိုင်စင်များမှ အခွန်အခမည်မျှရရှိသည်၊ ကန့်ဘလူမြို့နယ်အတွင်း(၂၀၁၈-၂၀၁၉)ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်မည့်လမ်း၊ တံတား၊ အဆောက်အဦးလုပ်ငန်းများအတွက် ကျောက်ကျင်းအရေအတွက် မည်မျှအသုံးပြုသွားမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆)ဗိုလ်မှူးသက်နိုင်အေး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၏”ဟုမ္မလင်းမြို့နယ်၊ ပင်ချယ်-ရွှေတွင်း-ချောင်းဖျားဒေသများတွင် လယ်ယာမြေများဆုံးရှုံးပျက်စီးနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ရွှေတူးဖော်ခွင့် အသေးစားလက်လုပ်လက်စား လုပ်ကွက်များကို ထပ်မံချထားခွင့်မပြုသင့်ကြောင်း ဒေသခံများ၏ တင်ပြချက်များအပေါ် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၇)ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့သော မင်းကင်းမြို့နယ်၊ တိန်းကျေးရွာ အုပ်စု၊ မိုင် ၁၀၀ (ခေါ်) စန်းရွှေပြည်ကျေးရွာ၏ လယ်မြေ၊ ရွာမြေ၊ သာသနာ့ မြေများအား မြေတိုင်းအမှတ်အသားများဖြင့် ပိုင်းခြားသတ်မှတ်ပေးခြင်းအား မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်း သည့်မေးခွန်းကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးလာလ်ထောင်ထန်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ)မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ ”မော်လိုက်မြို့နယ်၊ မင်းကင်းမြို့နယ်၊ ရွှေဘိုခရိုင်၊ ကသာခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကန့်ဘလူခရိုင်များသို့ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာ” အား ကော်မတီအဖွဲ့ဝင်၊ ဗိုလ်မှူးသက်ဝင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်မှ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာမှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပါသည်။
(ဂ)အတည်ပြုခြင်းကဏ္ဍတွင်တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ တင်သွင်းခဲ့သည့် ”စစ်ကိုင်းတိုင်း ဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ”နှင့်စပ်လျဉ်း၍ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီအတွင်းရေးမှူး၊ ဒေါ်ခင်နှင်းရီ၊ ယင်းမာပင်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ ဆွေးနွေးခဲ့ပြီး လွှတ်တော်၏သဘောထားရယူကာ အတည် ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ(၁၅)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို (၁၁:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။