ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

၁။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မေလ(၁၅)ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၇)ဦးတက်ရောက်ခဲ့ပါသည်။
(က) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍ တွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်-
(၁)ဦးသန်းဝင်း၊ အင်းတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”၂၀၂၀ ဒီဇင်ဘာလမတိုင်မီ Regulatory Body အဖြစ်ပြောင်းလဲရန် စီစဉ်ထားသည့်လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနများနှင့်ပတ်သက်၍ ၂၀၁၆ခုနှစ်၊ သြဂုတ်(၁)ရက်နေ့ပါ လုပ်ငန်းလမ်းညွှန်မှုကို လိုက်နာဆောင်ရွက်ခြင်းမရှိသောဌာနများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက် မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးစိုးဝင်းထွန်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ အောက်ပါမေးခွန်း(၂)ခုတို့အား လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်-
(ကက)”ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာအုပ်စု၊ မုံရွာ-အရာတော်- ရွှေဘိုဖြတ်လမ်း လမ်းမကြီးနှင့် ချိတ်ဆက်ထားသော ရွာတော်ကျေးရွာ အဝင်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်ပေးရန်အတွက် တင်ဒါပိုလျှံငွေ (သို့မဟုတ်) ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(ခခ)”ဝက်လက်မြို့နယ်၊ မူးကြီးကျေးရွာအုပ်စု၊ မူးကြီးကျေးရွာရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေး နိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်း၊
(၃)ဦးမြင့်ထွေး၊ ရေဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုံနှိပ်ဖြန့်ချီသော ဌာနဆိုင်ရာများ၏ လုပ်ငန်းစနစ်များ (SOP)ပေါင်းချုပ်စာအုပ်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်ထားသောပုဂ္ဂလိကစာကြည့်တိုက်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပိုင်စာကြည့်တိုက်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ အခမဲ့ဖြန့်ဝေပေးရန်နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းစနစ်များ (SOP)ပေါင်းချုပ် pdf fileကို Mobile Application Software ရေးဆွဲပြီး အခမဲ့ဖြန့်ဝေပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး၊ ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(ခ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စက်မှုလက်မှု၊ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာကော်မတီမှ ”တိုင်ကြားစာများနှင့် ပတ်သက်၍ ဝက်လက်၊ ဝန်းသို၊ ကောလင်း၊ ခင်ဦးမြို့နယ်များသို့ (၂၁-၃-၂၀၁၉) ရက်နေ့မှ (၂၆-၃-၂၀၁၉)ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခြင်း အစီရင်ခံစာ”အား ကော်မတီအဖွဲ့ဝင်၊ ဦးဇော်လင်းဦး၊ ဝန်းသိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ ”၂၀၁၈ ခုနှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးလှိုင်မြင့်၊ မော်လိုက် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တို့မှဆွေးနွေးခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေး၍ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) အတည်ပြုခြင်းကဏ္ဍတွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရ အသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီတွင် ဝန်းသို မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခိုင်ခိုင်ဝင်းနှင့် မြောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်အေးမြတ်မွန်တို့(၂)ဦးကို အဖွဲ့ဝင်အဖြစ် ထပ်မံတိုးမြှင့်ဖွဲ့စည်းခြင်းကို လွှတ်တော်၏ လွှတ်တော်၏ သဘောထားရယူကာ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(င)တိုင်းဒေသကြီး စာရင်းစစ်ချုပ် တင်သွင်းသည့် “စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရ အသုံးစာရင်း စစ်ဆေးတွေ့ရှိချက် များနှင့် ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ”နှင့်စပ်လျဉ်း၍ အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ ကော်မတီနှင့် အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ပြီးတိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်-
(၁)အရအသုံးငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ
(၂) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၃) Dr.ကျော်သူဟန်ထွန်း၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(၄) ဦးဇော်ထက်၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)
(၅) Dr.ကျော်ဇေလင်း၊ ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)
(စ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် တိုင်းဒေသကြီးစာရင်းစစ်ချုပ် တင်သွင်းသည့် “စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက်များနှင့် ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဆ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာပါသည်။
၂။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို (၁၂:၃၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။