ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ကြည်၊ မဲဆန္ဒနယ် အမှတ်(၂)၊ မုံရွာမြို့နယ်မှ တင်သွင်းသည့် အဆို

တင်သွင်းသူအမည်          − ဒေါ်အောင်ကြည်

မဲဆန္ဒနယ်အမှတ်             − မဲဆန္ဒနယ် အမှတ်(၂) ၊ မုံရွာမြို့နယ်

တိုင်းဒေသကြီး               − စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီ            − အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

အဆိုအရေအတွက်          − (၁) ခု

တင်သွင်းသည့်နေ့ရက်     − ၄ − ၇ −၂၀၁၆

ကျွန်မကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည် ဖြစ်ပါတယ်။ ကျွန်မအနေနှင့် ဥက္ကြကြီးရဲ့ခွင့်ပြုချက်အရ အရေးကြီးအဆိုတင်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင့် …

ယင်းအရေးကြီးအဆိုမှာ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ကွင်းအမှတ်(၃၁)၊ ကွင်း အမည်(ရပ်သာ)၊ ဦးပိုင်အမှတ်(၂၇)၊ မြေဧရိယာအကျယ်(ဝ.၁၆)ဧကပေါ်တွင် စက်သုံးဆီအရောင်းဆိုင် တည်ဆောက်နေခြင်းကို စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရာတွင် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ယင်းဆီဆိုင်ဆောက်လုပ်ခြင်းလုပ်ငန်းကိုရပ်ဆိုင်းသင့်ကြောင်း အရေးကြီးအဆိုတင်သွင်းမှာ ဖြစ်ပါတယ်။

ယင်းစက်သုံးဆီအရောင်းဆိုင်သည် ယခင်အစိုးရစည်ပင်သာယာရေးကော်မတီ ဥက္ကြ ခွင့်ပြုချက်အရ မီးရထားပိုင်မြေနေရာပေါ်တွင် ရွှေတောင်စွမ်းအားကုမ္ပဏီလီမိတက်မှ လျှောက်ထားသူ ဦးဝင်းဌေး(ခ)ဆေစွိတွမ်၊ မှတ်ပုံတင်အမှတ်၊ ၁၂/တမန(နိုင်)ဝ၇ဝ၄ဝ၆၊(အဘ)အေကျင်ဘိ(ခ)ကျင်ဘိ အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်တည်ဆောက်နေခြင်းဖြစ်ပါတယ်။

စက်သုံးဆီအရောင်းဆိုင်တည်နေရာမှာ မုံရွာမြို့လည်ခေါင် လူနေထူထပ်စည်ကားသော ဆူးလေကုန်းရပ်၊ ပြည်ထောင်စုလမ်းမကြီးနှင့် ကျောက္ကာလမ်းမကြီးဒေါင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ တိုင်းရောင်းဝယ်ရေးအရာရှိ(စစ်ကိုင်း/ချင်း)နှင့် ဆူးလေကုန်း၊ အခြေခံပညာမူလတန်းအမှတ်(၄)ကျောင်း တည်နေရာကြားတွင်တည်ရှိပါသည်။ မုံရွာမြို့တွင် ယခင်အစိုးရများအဆက်ဆက်အတွေ့အကြုံအရ ကလည်း မြို့လယ်ခေါင်တွင် စက်သုံးဆီအရောင်းဆိုင်များရှိခဲ့ဘူးပါသည်။ ယခင်မြင်းမူလမ်း ယခု ဗိုလ်ချုပ် လမ်းမပေါ် အောင်မင်္ဂလာရပ်ကွက်တွင် တစ်နေရာနှင့် အလယ်ရပ် ယခု မြို့လယ်မီးပွိုင့် မြန်မာယူနီ ဗာဆယ်ဘဏ်ဟောင်းနေရာတွင် တစ်နေရာ BOC ဓါတ်ဆီဆိုင်များရှိခဲ့ပါသည်။ မြို့လယ်ခေါင်လူနေ ထူထပ် လူသွားလူလာများသောနေရာ၊ လူနေအိမ်များနှင့် ထိစပ်လျက်ရှိနေခြင်းတို့ကြောင့် ၄င်းဆီဆိုင် (၂)ဆိုင်ကို ဖျက်သိမ်းခဲ့ပါသည်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်

ယခုဆောက်လုပ်နေသော ဆီဆိုင်မှာလည်းလမ်းမကြီး(၂)သွယ်ဆုံရာ မြို့လယ်ခေါင်မြို့၏ အချက်အခြာကျသောနေရာတွင် လူသွားလူလာ၊ လမ်းသွားလမ်းလာများသော လမ်းမကြီးဘေးတွင် တည်ရှိနေပါသည်။ ထို့အပြင် ဏဏှဃ အပိုင်ဟုခေါ်တွင်သော မီးရထားပိုင်မြေပေါ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ တိုင်းရောင်းဝယ်ရေး၊အရာရှိရုံး(စစ်ကိုင်း/ချင်း)ရုံးမှာ ဆီဆိုင်သိုလှောင်ရုံများရှိပါသည်။ လွန်ခဲ့သောနှစ်(၆ဝ)ကျော်မှ မီးရထားဘူတာရုံနှင့် နီးကပ်ဆုံးရှိ၍မီးရထားပိုင်မြေပေါ်တွင် ဆီသိုလှောင်ရုံ တည်ရှိခဲ့ပါသည်။ ယင်းဆီသိုလှောင်ရုံအတူဆီဖြန့်ဖြူးရောင်းချသည့်ဆီဆိုင်လည်း ရှိခဲ့ပါသည်။ သို့သော် ယင်းဆီဆိုင်ကို ပိတ်သိမ်းထားခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်။

ယင်းပိတ်သိမ်းခဲ့သော ဆီဆိုင်နေရာကို ယခုရွှေတောင်စွမ်းအားကုမ္ပဏီသို့ မီးရထားပိုင်မြေ နေရာမှ ပိုင်းခြား၍ စက်သုံးဆီရောင်းချရန် ဆီဆိုင်ဆောက်လုပ်ခြင်းကို ခွင့်ပြုခဲ့ပါသည်။ ၄င်းဆောက်လုပ် ခြင်း ခွင့်ပြုမိန့်ကို ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်စွဲဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌမှ ခွင့်ပြုခဲ့ပါသည်။ ခွင့်ပြုခဲ့သော ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် အထွေထွေရွေးကောက်ပွဲပြီးတွင် သက်ဆိုင်ရာအစိုးရမှ အဆောတလျင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရပါသည်။ ထို့အပြင်ဆောက်လုပ်ခွင့် ပြုခြင်း နှင့်အတူ ပူးတွဲတင်ပြရန်အချက်(၉)ချက်တွင် အဓိကအချက်ဖြစ်သည့် (ဃ) မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ထောက်ခံချက်၊ (င) မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ထောက်ခံချက်(စ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်များ မပါရှိသည်ကိုတွေ့ရပါသည်။

၄င်းခွင့်ပြုချက်များအရ ယင်းနေရာတွင် စက်သုံးဆီအရောင်းဆိုင်ကို ပုံစံများနှင့်တကွ ခွင့်ပြုထားရာတွင်အသုံးပြုမည့်ရည်ရွယ်မှာ စက်သုံးဆီအရောင်းဆိုင်ဟု၄င်း အဆောက်အဦးပုံစံများတွင် လည်း SIDE PLAN အရ ဆီဆိုင်များဖြင့် ရောင်းချရန် Ground Tank များဖြင့် သိုလှောင်ရန် ပုံစံများပါရှိပါသည်။
လေးစားရပါသော ဥက္ကဋ္ဌကြီးရှင့်
စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်မည်ဟုဆိုလျှင် ကိုက်ညီရမည့်အခြေခံအချက်အလက်နှင့် ကန့်သတ်ထားခြင်းများရှိပါသည်။ တည်နေရာအရဆိုလျှင်-
(က) ဖွင့်လှစ်ရောင်းချမည်ဆိုင်သည် လူအသွားအလာထူထပ်သောလမ်းနှင့် အလှမ်းကွာ ဝေးသောနေရာဖြစ်ရမည်။
(ခ) လူသွားလူလာရှုပ်ထွေးသောနေရာ(ဥပမာ-စျေး၊ကျောင်း၊ဆေးရုံ၊ရုပ်ရှင်ရုံ)အနီးမဖြစ်ရ။
(ဂ) လျှောက်ထားမြေနေရာသည် စက်သုံးဆီလုပ်ငန်းလုပ်ကိုင်မည်ဆိုပါက ပတ်ဝန်း ကျင်အား ဘေးအန္တရာယ်ကျရောက်စေခြင်းမရှိရ။
(ဃ) စက်သုံးဆီလုပ်ငန်းပြုလုပ်သည့်နေရာသည် လူနေအိမ်ခြေနှင့် ကိုက်(၁ဝဝဝ)အကွာ အဝေးတွင်ရှိရမည်။
(င) စက်သုံးဆီအရောင်းဆိုင်အတွက် အဆောက်အအုံများ ဆီသိုလှောင်ကန်များ ဘောက်ဆာဆီချပွိုင့်စက်သုံးဆီများလွယ်ကူချောမောလျှင်မြန်စွာ ဖြန့်ဖြူးရောင်းချ ပေးနိုင်သည့် ဆီဖြည့်ပိုက်နှင့် ပန့်တိုင်များသည် သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြု နိုင်မည့် အန္တရာယ်ကင်းသော အကွာအဝေးရှိသည့် အကျယ်အဝန်းမှာ ပေ(၉ဝဝ) ပတ်လည်ရှိရမည်ဟု သတ်မှတ်ထားပါသည်။

ထို့ကြောင့် ယင်းစက်သုံးဆီဆိုင်တည်နေရာမှာ သတ်မှတ်ချက်များနှင့်လုံးဝကိုက်ညီမှု မရှိကြောင်းတွေ့ရှိပါသည်။

လေးစားရပါသော ဥက္ကဋ္ဌကြီးရှင့်

အန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်မှုပြုလုပ်ရခြင်းကသာလျှင် အများပြည်သူအတွက် အကောင်းဆုံးအကာအကွယ်ပေးရာရောက်မှာဖြစ်ပါတယ်ရှင့်..

ယင်းစက်သုံးဆီအရောင်းဆိုင်ဆောက်လုပ်နေသောနေရာမှာ မုံရွာမြို့၏ယနေ့ပေါက်စျေး အရ အလွန်တရာတန်ဖိုးရှိသောနေရာဖြစ်ပါသည်။ အစိုးရမီးရထားပိုင်နေရာလည်းဖြစ်သည်။ ယင်း မီးရထားပိုင်မြေနေရာကို မြို့နယ်မြေစာရင်းမှ (၁ဝ၅)(၁ဝ၆)ပုံစံဖြင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းခြင်းမှာ ဥပဒေနှင့်ညီညွတ်မှုလုံးဝမရှိပါ။ အနာဂါတ်မုံရွာမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း လုပ်ငန်းကြီးတွေသာ ဆောင်ရွက်သင့်တဲ့နေရာဖြစ်ပါသည်။

လေးစားရပါသော ဥက္ကဋ္ဌကြီးရှင့်

နိဂုံးချုပ်တင်ပြလိုတာကတော့ ယင်းစက်သုံးဆီအရောင်းဆိုင်(ပန့်တိုင်)သည် ဆူးလေကုန်း အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းနှင့်ကပ်လျက်တည်ရှိနေခြင်းကြောင့် နှစ်ရှည်လများနိုင်ငံ၏ ရင်သွေးများအမြဲတမ်း အန္တရာယ်ကို အနီးကပ်ရင်ဝယ်ပိုက်နေရမှာဖြစ်ခြင်း၊ ဆီဆိုင်အနီးရှိရပ်ကွက်နေ မြို့သူ/မြို့သားများအတွက်လည်း မီးဘေးအန္တရာယ်ကို အနီးကပ်အမြဲတမ်းစိုးရိမ်နေရခြင်းတို့ကြောင့် ယင်း စက်သုံးဆီအရောင်းဆိုင်၏ အကြီးစားပြင်ဆင်နေခြင်း၊ ပန့်တိုင်ပြုလုပ်နေခြင်းတို့ကို ရပ်ဆိုင်းပေးပါရန် ပြည်သူလူထုကိုယ်စား ဥက္ကဋ္ဌကြီးမှ တဆင့် လွှတ်တော်သို့တင်ပြရခြင်းဖြစ်ပါသည်ရှင့်.
ဥက္ကဋ္ဌကြီးနှင့်တကွ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကျန်းမာ ချမ်းသာကြပါစေ။

ကျေးဇူးတင်ရှိပါတယ်ရှင့်