ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့

 

၂၀၁၉ခုနှစ်၊ဇူလိုင်၂၅ရက်
✧✧✧✧✧✧✧✧✧
၁။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်(ကြာသပတေးနေ့)၊ (၁၀:၀၀) နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(၇၅)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂၅)ဦး စုစုပေါင်း(၁၀၀)ဦးအနက် (၈၅)ဦးတက်ရောက် သဖြင့် (၈၅)ရာခိုင်နှုန်းရှိပြီး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံကျော်တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
(က) ကတိသစ္စာမပြုရသေးသော စစ်ကိုင်းတိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးမောင် သည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀နှင့်အညီ လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။
(ခ) ကြယ်ပွင့်ပြထားသည့် မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်းကဏ္ဍတွင် အောက်ပါအတိုင်း မေးမြန်းဖြေကြား ဆောင်ရွက်ခဲ့ကြပါသည်။
(၁) ဦးမောင်မောင်ဝင်း၊ ဝက်လက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၏ ”ဝက်လက်မြို့အဝင်လမ်းများဖြစ်သော ဝက်လက်-ထန်းကြီး(တောင်)ကားလမ်း၊ ဝက်လက်-ရှိန်းမ ကားလမ်း၊ ဝက်လက်-သစ်ဆိမ့်ကြီးလမ်းဘေးများရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မယူဘဲ အိမ်ဆောက် ခြင်း၊ ခြံဝင်းခတ်ခြင်းများနှင့်ပတ်သက်၍ တာဝန်ရှိဝန်ထမ်း များ၊ ကျူးကျော်ဆောင်ရွက်နေသူများအပေါ် မည်သို့
ထိန်းကြောင်း တည့်မတ်ပေးမည်၊ မြို့မြေဧရိယာတိုးချဲ့ သတ်မှတ်နိုင်ရေး မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၂) ဦးကျော်ဆန်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မင်းကင်းမြို့နယ်ရှိ ကျေးရွာသူ/ သား (၁၁)ဦး တရုတ်ပြည်သို့ လူကုန်ကူးခံရမှုအပေါ် လျင်မြန်စွာ ကယ်တင်ပေးနိုင်ရန် ဆက်သွယ်အကူအညီ တောင်းခံခဲ့သော်လည်း တိုးတက်မှုတစ်စုံတစ်ရာ ကြားသိ ရခြင်း မရှိသေးသဖြင့် မည်သို့ကူညီဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်း အောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၃) ဦးကျော်လင်း၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ကျွန်းလှမြို့နှင့် သဖန်းဆိပ် ရေလှောင်တမံသို့သွားရာ လမ်းအရှည်(၉)မိုင်ခန့်၊ အကျယ်(၁၂)ပေခန့်ရှိ ကတ္တရာလမ်းပိုင်းအား ယာဉ်သွား လာမှု အဆင်ပြေစေရန်အတွက် လမ်းတစ်ဖက်စီတွင် ကျောက်လမ်း(၄)ပေခန့် ထပ်မံတိုးချဲ့ပေးရန် အစီအစဉ်
ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၄) ဦးမောင်မောင်လတ်၊ ဖောင်းပြင် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ဖောင်းပြင်မြို့နယ်၊ လယ်ဦးကျေးရွာအုပ်စု၊ တုံကောင်းမှုကျေးရွာနှင့် ထောမ ကျေးရွာအုပ်စုမှ ကိုင်းပြင်ကျေးရွာအထိ လမ်းအရှည် (၆)မိုင်ခန့်အား ရာသီမရွေးသွားလာနိုင်သော ကျောက်ရော မြေနီလမ်း အကျယ်(၂၄)ပေအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း”စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၅) ဦးသောင်းမြင့်၊ မြင်းမူမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”မြင်းမူမြို့နယ်မူးမြစ်ကမ်း အနီးရှိ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ရန် ကျန်ရှိနေသော သပြေသာကျေးရွာနှင့် ညောင်မြစ်ကျေးရွာတို့အား အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၆) ဦးလှဖြိုး၊ ကျွန်းလှမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကျွန်းလှမြို့နယ် သဖန်းဆိပ်- လိပ်ဆင်းတောင် 33KV ဓာတ်အားလိုင်းမှ ထိန်တောကျေးရွာသို့ ဓာတ်အားချိတ်ဆက်သွယ်တန်းပြီး ထိန်တောကျေးရွာ၌ 3 MVA (သို့) 5MVA ဓာတ်အားခွဲရုံတစ်ခုအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။
(၇) ဒေါ်သင်းသင်းကြူ၊ ခင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာ အုပ်စု မင်းကံကြီးကျေးရွာတွင် ရေငံများသာထွက်ရှိပြီး ရေချိုသောက်သုံးရေရှားပါးမှုကြောင့် မိုးရေစုကန်များအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့် မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၈) ဦးမြင့်မော်၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ”ထီးချိုင့်မြို့ အမှတ်(၄) ရပ်ကွက်ရှိ နှစ်စဉ်ရေလွှမ်းမိုးခြင်းခံနေရသည့် ကိုယ့်အားကိုယ်ကိုး ကျောက်ချောကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။
(၉) ဒေါက်တာဆန်းဝင်း၊ မင်းကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”မင်းကင်းမြို့နယ်အတွင်း သွားလာမှုခက်ခဲဝေးလံသော သမ္ဘရာကျေးရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်း၏ ကိုယ့်အားကိုယ်ကိုး ဆောက်လက်စကျောင်းဆောင် အပြီးသတ်နိုင်ရေးအတွက် ဖြည့်စွက်ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း(ကိုယ်စား) လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၁၀) ဦးခင်မောင်ထွန်း၊ ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ဖောင်းပြင်မြို့နယ်နှင့် ခရီးဝေးကွာပြီး သွားလာမှုခက်ခဲသော မောက်ပလင်း အုပ်စု၊ ဟဲနိမ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု ဖွင့်လှစ်ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း(ကိုယ်စား) လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ရှင်းလင်းဖြေကြား ခဲ့ပါသည်။
(၁၁) ဦးညီညီထွန်း၊ ကသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၏ ”ကသာမြို့နယ်တရားရုံး၌ ပြည်သူပိုင်သိမ်းဆည်းပြီး လေလံတင်ထားသည့် မြတ်မိဘ (၂)အမည်ရှိ သံခွံမော်တော်ကို မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ထပ်မံဖမ်းဆီးရမိခဲ့မှုနှင့် ပတ်သက်၍ မော်တော်အား မည်သူကမောင်းနှင်ခွင့်ပေးခဲ့သည်၊ လေလံတင်ရောင်းချခြင်းမပြုရသေးမီ မည်သည့်ဌာနက ထိန်းသိမ်းထားသည်၊ ပြည်သူ့ဘဏ္ဍာပျောက်ပျက်မှုဖြင့် ပြစ်မှုကျူးလွန်သည့်ပုဂ္ဂိုလ်များအား မည်သို့ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်နှင့် အမှုကိစ္စအား ဆောင်ရွက်ရာတွင် မည်သည့်အတိုင်းအတာအထိ ရောက်ရှိ နေသည်ကို သိရှိလိုပါကြောင်း” စပ်လျဉ်းသည့်မေးခွန်းကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဦးမျိုးမောင်မှ ရှင်းလင်းဖြေကြားခဲ့ ပါသည်။
(ဂ) မှတ်တမ်းတင်ခြင်းကဏ္ဍတွင် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဒေါ်ခင်မျိုးချစ်၊ ကန့်ဘလူမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ”၂၀၁၉ ခုနှစ်အတွင်း ခရိုင်(၅)ခုသို့ ကွင်းဆင်းစိစစ်မှုအခြေအနေ တင်ပြချက် အစီရင်ခံစာ” အား လွှတ်တော်သို့တင်သွင်းခဲ့ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ မှတ်တမ်း တင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကိုရပ်နားကြောင်းနှင့် အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီ
အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာ ပါသည်။
၂။ ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၁:၄၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။