တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့လွှတ်ေတာ်အဆောက်အအုံရှိလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၇၂ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်း တင်သည်။
ယင်းနောက် ကြယ်ပွင့်ပြထားသည့် မေးခွန်း( ၈)ခုကို လွှတ်တော်ကိုယ်စားလှယ်( ၈)ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ အစည်းအဝေးပဉ္စမနေ့က တင်သွင်းခဲ့သည့် ဦးကျော်နိုင်ဝင်း၊ ယင်းမာပင်မြို နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ "မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ လူငယ်များ၏ အနာဂတ်လုံခြုံရေးနှင့် လူမှုအသိုင်း အဝိုင်း၏ တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်သောအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း" အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၆)ဦးကထောက်ခံဆွေးနွေးခြင်း ကိုယ်စားလှယ်(၁)ဦးက မှတ်တမ်းအဖြစ်ထားရှိေပးပါရန် ဆွေးနွေးကြရာ တိုင်းဒေသကြီးအဆင့်အဖွဲအစည်းဝင် လုံခြုံရေးနှင့် နယ်စပ်ေရးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထိုနောက် ဦးကျော်နိုင်ဝင်း၊ ယင်းမာပင်မြို နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ "မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ လူငယ်များ၏ အနာဂတ်လုံခြုံရေးနှင့် လူမှုအသိုင်းအဝိုင်း၏ တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်သောအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း" အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူညီသည့်အတွက် အတည်ပြုကြောင်းကြေညာသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး အဌမနေ့ကို ဩဂုတ်လ (၁၈)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
