တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့လွှတ်တော် အဆောက်အအုံရှိ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၇၄ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ဦးအောင်မင်းကျော်သူ၊ ဘုတလင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)မှ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတိုအတွက် နိုင်ငံတော်သမ္မတကြီး၏ ပြည်ပချစ်ကြည်ရေး ခရီးစဉ်များနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအား အပြည့်အဝထောက်ခံကြောင်း" အဆိုတင်သွင်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှထောက်ခံဆွေးနွေးခဲ့သည်။
ယင်းနောက် ဦးအောင်မင်းကျော်သူ၊ ဘုတလင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)မှ တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဌ က အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ကြယ်ပွင့်ပြထားသည့် မေးခွန်း( ၅)ခုကို လွှတ်တော်ကိုယ်စားလှယ်( ၅ )ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားကြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဌက စစ်ကိုင်းတိုင်းဒေကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့်အစည်းအဝေး(၁၂)ရက်မြောက်နေ့ကို ဩဂုတ်လ (၂၅)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။