တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ( ၁၅ )ရက်မြောက်နေ့ကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့လွှတ်တော် အဆောက်အအုံရှိ လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ( ၁၅ ) ရက်မြောက်နေ့သို တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့၇၇ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး ကြယ်ပွင့်ပြထားသည့် မေးခွန်း( ၁၀ )ခုကို လွှတ်တော်ကိုယ်စားလှယ်( ၁၀ )ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားကြသည်။
ထို့နောက် တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်ဆန်းစစ်ရှီး လေရှီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) က ကော်မတီ ၏ "လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ"အား လွှတ်တော်သို့ တင်သွင်းရာ အဆိုပါ တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ "လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ"နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဌ က မှတ်တမ်းတင်ကြောင်းကြေညာခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။