စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် တိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အတူ (၁၉-၁၀-၂၀၂၆) ရက်နေ့ နံနက် (၀၉း၃၀) အချိန်တွင် မုံရွာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍ စစ်ကိုင်းတိုင်းပညာရေးညွှန်ကြားရေးမှူး၊ မုံရွာခရိုင်/မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် အဖွဲ့အားတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ဖွဲ့စည်းပုံများ၊ လွှတ်တော်လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီးမှ ကျောင်းအား ကစားခန်းမပြုပြင်ရန် လိုအပ်ချက်များ၊ (E-Shape)ပုံ ပင်မစာသင်ဆောင်ကြီး ရေရှည်ခိုင်ခန့် အသုံပြုနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်တွင် ဆိုလာမီးများ တပ်ဆင်ထားသော်လည်း သစ်ပင်များမှ ကွယ်နေ၍ မီးအလင်းးရောင် ကောင်းမွန်စွာမရရှိသည့်အတွက် အလင်းရောင်ကွယ်နေသည့် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးရန် တင်ပြခဲ့ကြပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မုံရွာမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝင်းအတွင်း လှည့်လည်ကြည့်ရှု့ခဲ့ပြီး ကျောင်းပြင်ပမူလတန်းနှင့် အထက်တန်းပညာရေးကျောင်း၊ အ.ထ.က(၁) မုံရွာ၊ အခြေစိုက်စခန်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁း၀၀)နာရီအချိန်တွင် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်အုပ်ဆရာမကြီးနှင့်အဖွဲ့မှ ကျောင်းဝင်းအတွင်း လှည့်လည်ပြသခဲ့ပြီး ကျောင်းဘောလုံးကွင်းသည် မိုးရွာလျှင်ရေများဝပ်နေ၍ ဘောလုံးကစား၍ မရသဖြင့် ဘောလုံးကွင်းပတ်လည်တွင် ရေမြောင်းများပြုလုပ်ပေးနိုင်ပါရန်နှင့် ကျောင်းတွင်သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ အခိုးခံရသဖြင့် လုံခြုံရေးဆောင်ရွက်ပေးနိုင်ရေး တင်ပြခဲ့ကြပါသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁း၃၀)အချိန်တွင် မုံရွာမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်း ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်ဆက်စကားပြောကြားခဲ့ပြီး တာဝန်ကျဆရာမများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး တိုင်းရင်းဆေးရုံတာဝန်ရှိသူများမှ တိုင်းရင်းဆေးရုံတွင် မီးမမှန်သည့်ကိစ္စ၊ ဆေးရုံသုံးမော်တော်ယာဉ်မရှိသည့်ကိစ္စများအား တင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၂း၀၀)အချိန်တွင် မုံရွာမြို့ချမ်းမြဝတီရပ်ကွက်ရုံးသို့ရောက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်အရန်မီသတ် တပ်ဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပြီး လွှတ်တော်သို့ နေ့လည်(၁၂း၃၀)အချိန် ပြန်လည်ရောက်ရှိခဲ့ပါသည်။
