တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့ ရှိ လွှတ်တော်အဆောက်အအုံ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၇၆ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး ဘုတလင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အမှတ်(၁)မှ ဦးအောင်မင်းကျော်သူက ” နိုင်ငံတော် လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတိုအတွက် မိမိတိုအသက်ကို ပဓာနမထားဘဲ နယ်မြေဒေသ လုံခြုံ တည်ငြိမ် အေးချမ်းရေး တာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ ဝင်များ၊ စစ်မှုထမ်းဟောင်း လုံခြုံရေး တပ်ဖွဲ့ ဝင်များကို အပြည့်အဝထောက်ခံကြောင်း " အရေးကြီး အဆိုတင်သွင်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦးမှ ထောက်ခံ ဆွေးနွေးခဲ့သည်။
ထို့နောက် ဘုတလင်မြိုနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)မှ ဦးအောင်မင်းကျော်သူ တင်သွင်းသည့် အရေးကြီး အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ကြယ်ပွင့်ပြထားသည့် မေးခွန်း(၈)ခုကို လွှတ်တော်ကိုယ်စားလှယ်(၇)ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ဝန်ကြီးများက ဖြေကြားပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(Myanmar Parliamentary Union-MPU) ဖွဲ့စည်းခြင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအား အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲစည်းခြင်းကို လွှတ်တော်သို့ တင်ပြ မှတ်တမ်းတင်ကြောင်း နှင့် ရွှေဘိုမြိုနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)မှ Dr.သောင်းနိုင်အားဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ် တာဝန်ပေးခြင်းကို လွတ်တော်က သဘောတူသည့်အတွက် လွှတ်တော်မှ ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ကို ဩဂုတ်လ (၇)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
